နိုင်ငံသားတိုင်း ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၆ နှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်သည့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းအမှတ်စဉ် (၇) သင်တန်းဆင်းပွဲအခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
"မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ လူဦးရေများပြားတဲ့နိုင်ငံတွေနဲ့ နယ်နိမိတ်ထိစပ်တည်ရှိနေတာဖြစ်တယ်။ မိမိတို့နိုင်ငံဟာ အာဆီယံနှင့် တောင်အာရှဒေသအကြားမှာ ပေါင်းကူးပေးနိုင်တဲ့ ကုန်းတွင်းဆက် တံတားသဖွယ်တည်ရှိလျက်ရှိတယ်။ ပထဝီအနေအထားအရ၊ မဟာဗျူဟာအရ အချက်အချာကျတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တယ်။ ဒါ့ကြောင့် နိုင်ငံလွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ စစ်ပညာသင်ကြားရန်နဲ့ စစ်မှုထမ်းရန် နိုင်ငံသားတိုင်း မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်ဖြစ်တယ်။ ဒါ့ကြောင့် အမျိုးသမီးများ ဖြစ်သော်လည်း ကိုယ်တိုင် ဆန္ဒပြုစစ်မှုထမ်းဆောင်ဖို့ ဆောင်ရွက်ခဲ့ကြတဲ့အတွက်လည်း ဂုဏ်ယူကြောင်းပြောကြားလိုတယ်။ သတ်မှတ်အရွယ်ရောက် နိုင်ငံသူနိုင်ငံသားတိုင်း နိုင်ငံကာကွယ်ရေးအတွက် စစ်ပညာသင်ကြားရေး၊ ကာကွယ်ရေးတာဝန်ထမ်းဆောင်ရေး ဆက်လက်စည်းရုံး လုပ်ဆောင်သွားကြဖို့ မှာကြားလိုတယ်"ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်ပတ်သက်၍ ပုဒ်မ ၃၅၈ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေး သည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက်စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေနှင့်ပတ်သက်၍ ယနေ့အချိန်အထိ လွှတ်တော်တွင် ပြဋ္ဌာန်းနိုင်ခြင်းမရှိ သေးပေ။
"မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့ရာတွင် ၁၀ နှစ်ကာလရောက်လာပြီဖြစ်ကြောင်း၊ ပြည်သူက ဆန္ဒနှင့်အညီ ရွေးချယ်ခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်သည် စည်းကမ်းတကျနှင့် တည်ငြိမ်အေးချမ်းစွာရှိရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီသည် အဓိပ္ပာယ်များစွာကျယ်ဝန်းသော်လည်း အရေးကြီးဆုံးသည် စည်းကမ်းနှင့် ဥပဒေကို လေးစားလိုက်နာခြင်းပင်ဖြစ်ကြောင်း" တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။
http://thevoicemyanmar.com/news/45124-sis
No comments:
Post a Comment