နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် စစ်ပညာ သင်ကြားရန်နှင့် စစ်မှုထမ်းရန် နိုင်ငံသားတိုင်း မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းရန် နိုင်ငံသားတိုင်း မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၆ တွင် ဖော်ပြထားပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီ အနေအထားအရ မြန်မာနိုင်ငံသည် လူဦးရေများပြားသော နိုင်ငံများနှင့် နယ်နိမိတ် ထိစပ်နေကြောင်း၊ ပထဝီ အနေအထားအရ၊ မဟာဗျူဟာအရ အချက်အချာကျသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
“ဒါကြောင့် နိုင်ငံလွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ စစ်ပညာသင်ကြားရန်နဲ့ စစ်မှုထမ်းရန် နိုင်ငံသားတိုင်း မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်ဖြစ်တယ်။ ဒါကြောင့် အမျိုးသမီးများ ဖြစ်သော်လည်း ကိုယ်တိုင်ဆန္ဒပြု စစ်မှုထမ်းဆောင်ဖို့ ဆောင်ရွက်ခဲ့ကြတဲ့ အတွက်လည်း ဂုဏ်ယူကြောင်း ပြောကြားလိုတယ်။ သတ်မှတ်အရွယ်ရောက် နိုင်ငံသူ နိုင်ငံသားတိုင်း နိုင်ငံကာကွယ်ရေးအတွက် စစ်ပညာသင်ကြားရေး၊ ကာကွယ်ရေး တာဝန်ထမ်းဆောင်ရေး ဆက်လက်စည်းရုံး လုပ်ဆောင်သွားကြဖို့ မှာကြားလိုတယ်” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
နိုင်ငံတိုင်းတွင် အုပ်ချုပ်သူအစိုးရများ ပြောင်းလဲတတ်သော်လည်း နိုင်ငံနှင့် တပ်မတော်သည် အစဉ်အမြဲ ရှိနေရမည့် အဖွဲ့အစည်းများဖြစ်ပြီး နိုင်ငံအချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေရန်အတွက် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရမည့် တပ်မတော်တစ်ရပ် ရှိနေရမည် ဖြစ်ကြောင်းနှင့် ခိုင်မာတောင့်တင်းသည့် တပ်မတော်တစ်ရပ် အမြဲတည်ရှိနေရန်အတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြား သည်။
“နိုင်ငံတစ်နိုင်ငံအတွက် လွတ်လပ်ရေး ဆုံးရှုံးသည်ထက် ကြီးမားတဲ့ ဆုံးရှုံးမှု မရှိတာကြောင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားအားလုံး ထိန်းသိမ်းစောင့်ရှောက်သွားဖို့ အပြည့်အဝ တာဝန်ရှိတယ်။ တပ်မတော်၏ အဓိကတာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန်ဖြစ်တယ်” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ကာကွယ်ရေးဟူသော စကားရပ်သည် အလွန်ကျယ်ပြန့်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်ကို ကာကွယ်ခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်းဆိုသည့် နယ်ပယ်သာမက နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ခြင်း၊ ပြည်သူများအပေါ် ကျရောက်လာသော သဘာဝဘေးအန္တရာယ်၊ ကူးစက်ရောဂါဘေးအန္တရာယ်၊ စားနပ်ရိက္ခာ ပြတ်လပ်ခြင်း ဘေးအန္တရာယ်များကို ကာကွယ်ခြင်းများအထိ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်စီမံနိုင်ရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်တွင် တာဝန်ထမ်းဆောင်ရာ၌ စည်းကမ်းနှင့် အမိန့်များကို အလေးထား လိုက်နာရန် လိုအပ်ကြောင်း၊ တပ်မတော်သားများသည် တပ်မတော်၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း ဥပဒေများကို တိတိကျကျ လိုက်နာဆောင်ရွက်ရသည့်အပြင် နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေနှင့် စည်းကမ်းများကို နိုင်ငံသားတစ်ဦး အနေဖြင့်လည်း လိုက်နာကြရသူများ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
နိုင်ငံတကာတွင် လိုက်နာကျင့်သုံးနေသည့် စစ်ပွဲဆိုင်ရာ ဥပဒေသများကိုလည်း သိရှိလိုက်နာကြရကြောင်း၊ တပ်မတော်သားများ အနေဖြင့် ကိုယ်တိုင်ပြစ်မှု မကျူးလွန်အောင် လိုက်နာစောင့်ထိန်းရသကဲ့သို့ မိမိတာဝန်ယူ ကွပ်ကဲရသည့် လက်အောက်က ပြစ်မှုကျူးလွန်လျှင်လည်း မျက်ကွယ်ပြု၍မရဘဲ စစ်ဘက်၊ နယ်ဘက် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန် ထမ်းဆောင်ရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်း၊ နည်းလမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။
https://news-eleven.com/article/200464
No comments:
Post a Comment