Monday, December 28, 2020

ကျောက်မဲမှာ တိုက်ပွဲရှောင် (၆၀၀)ကျော်အထိ ရှိလာပြီး စောင် အိပ်ရာခင်းတွေ လိုအပ်နေ၊ ကျေးရွာမှာ စစ်ရေးတင်းမာနေဆဲ

 ကျောက်မဲမှာ တိုက်ပွဲရှောင် (၆၀၀)ကျော်အထိ ရှိလာပြီး စောင် အိပ်ရာခင်းတွေ လိုအပ်နေ၊ ကျေးရွာမှာ စစ်ရေးတင်းမာနေဆဲ

လွေးနှင်းဖြူ၊ ရွှေဖီမြေ

ဒီဇင်ဘာ ၂၉ ရက်၊ ကျောက်မဲ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအနီးတစ်ဝိုက်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)တို့အကြားက တိုက်ပွဲကြောင့် ဒီနေ့ ဒီဇင်ဘာလ ၂၉ ရက်အထိ တိမ်းရှောင်နေရသူ (၆၀၆)ဦးအထိ ရှိလာနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်က လွယ်အံကျေးရွာဒေသခံတွေဟာ ကျောက်မဲမြို့ပေါ်ရှိ ဝါဆိုကျောင်းတိုက်မှာ ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပြီး ဒီနေ့မှာလည်း ထပ်တိုးလာဖို့ ရှိနေတယ်လို့ ကျောက်မဲမြို့နယ် အိုမ်တမာဝ် လူမှုကူညီရေးအသင်းမှ မိုင်းဆမဲင်ရိူန်းက ပြောပါတယ်။

“တိုက်ပွဲရှောင်ကတော့ မနေ့ညအထိက ခြောက်ရာကျော် ရှိထားတယ်။ ဒီနေ့တော့ မန်စပ်ရွာဘက်မှာ ထပ်သွားကြိုဖို့ ရှိတယ်။ တိုက်ပွဲအခြေအနေက နှစ်ဖက်တင်းမာမှုတွေ ရှိနေတုန်းပဲ”

တိုက်ပွဲရှောင်တွေထဲမှာ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ အများဆုံးဖြစ်ပြီး စောင်၊ အိပ်ရာခင်းနဲ့ အဝတ်အစားတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး RCSS တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းအုမ်ခေးက “တိုက်ပွဲက ဒီဇင်ဘာ ၂၅ ရက်ကစပြီး ဖြစ်ခဲ့တယ်။ တိုက်ပွဲဖြစ်ရတဲ့အကြောင်းအရင်းက TNLA ကနေပြီး ကျနော်တို့ တပ်ဖွဲ့ရှိတဲ့နေရာကို ဝင်တိုက်တာပါ။ အဲဒီနေ့ကစပြီး တိုက်ပွဲတွေ ဖြစ်လာတယ်။ TNLA က အဲဒီကျောက်မဲမှာ RCSS တွေ မရှိစေချင်တဲ့သဘော အဲလိုတွေ ကြားနေရတယ်။ တိုက်ပွဲက ငြိမ်ပေမယ့် စစ်ရေးတင်းမာမှုကတော့ ရှိနေသေးတယ်” လို့ ပြောပါတယ်။

မနေ့ ဒီဇင်ဘာလ ၂၈ ရက် ညနေ ၅ နာရီအချိန်မှာ ပန်လော့ကျေးရွာအနီး RCSS နဲ့ TNLA တို့ အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလအတွင်းမှာ ၎င်းတို့တပ်ဖွဲ့အကြား တိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး TNLA တပ်ဖွဲ့နဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုထဲက ကျေးရွာအနီးမှာ RCSS နဲ့ TNLA တို့အကြား ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်ကတည်းက တိုက်ပွဲ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

#တိုက်ပွဲရှောင် #အကူအညီ #လိုအပ်နေ #ကျောက်မဲ #RCSS #TNLA

#ဓာတ်ပုံ- ကမ်းလင့်လက်များ လူမှူကူညီရေးအသင်း အောင်ဓမ္မာရုံ နောင်ပိန်, အိုမ်တမာဝ်

https://www.facebook.com/451214215694715/posts/868835223932610/


https://www.facebook.com/shwepheemyaynews/posts/868835223932610

No comments:

Post a Comment