Tuesday, December 29, 2020

ရွေးကောက်ပွဲ ရလဒ် တပ်မတော် ကန့်ကွက်လွှာတင်

 သတင်း

ရွေးကောက်ပွဲ ရလဒ် တပ်မတော် ကန့်ကွက်လွှာတင်

သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၈(က)၊ နည်းဥပဒေ ပုဒ်မ ၈၇ တို့အရ မဲပေးခဲ့ကြသည့် တပ်မတော် သားများ အနေဖြင့်လည်း မဲဆန္ဒရှင်အနေဖြင့် ကန့်ကွက်လွှာ တင်သွင်းခွင့်ရှိသည်။ / ဧရာဝတီ

11.4k

By ထွန်းထွန်း 30 December 2020

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲ ရလဒ်များနှင့် ပတ်သက်ပြီး မဲဆန္ဒရှင်အနေဖြင့် တပ်မတော်သား များက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံသို့ ကန့်ကွက်လွှာ တင်သွင်းထားကြောင်း တပ်မတော် သတင်း မှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။


ကန့်ကွက်လွှာ တင်ထားမှုအား နေပြည်တော်၌ ယနေ့ ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်လွှာအမှု အရေအတွက်နှင့် မြို့နယ် အတိအကျကို ပြောဆိုခြင်း မရှိခဲ့ပေ။


ရွေးကောက်ပွဲ ကိစ္စရပ်များနှင့် ပတ်သက်ပြီး “ဥပဒေထဲမှာ အကျုံးဝင်တဲ့ဟာ မှန်သမျှ လုပ်ဆောင်သွားပါမယ်” ဟုလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောခဲ့သည်။


သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၈(က)၊ နည်းဥပဒေ ပုဒ်မ ၈၇ တို့အရ မဲပေးခဲ့ကြသည့် တပ်မတော် သားများ အနေဖြင့်လည်း မဲဆန္ဒရှင်အနေဖြင့် ကန့်ကွက်လွှာ တင်သွင်းခွင့်ရှိသည်။


ရွေးကောက်ပွဲ ကိစ္စရပ်များနှင့် ပတ်သက်ပြီး တပ်မတော်သားများနှင့် မိသားစုဝင်များ မဲပေးခဲ့သည့် ၂၁၈ မြို့နယ်အတွင်း စိစစ်ရန် အချက်အလက်များ ကူးယူခွင့်တောင်းခံခဲ့သော်လည်း UEC ကခွင့်ပြုခဲ့ခြင်း မရှိသည့်အတွက် တပ်မတော်နှင့် UEC အကြား အပြန်အလှန် ကြေညာချက်များ ထုတ်ပြန်ကာ အငြင်းပွားလျက် ရှိသည်။


လတ်တလောတွင်လည်း မဲစာရင်း မှားယွင်းမှုများအပေါ် အခြေခံကာ မဲမသမာမှုဖြစ်စေနိုင်သည့် သံသယဖြစ်ဖွယ် အချက် များ စိစစ်တွေ့ရှိမှု ဟုဆိုကာ ကြေညာချက် ၃ စောင်အား တပ်မတော်က ထုတ်ပြန်ခဲ့ပြီး ဆက်လက် စိစစ်မှုများလည်း ပြု လုပ်လျက် ရှိကြောင်း သိရသည်။


တပ်မတော်၏ စိစစ်မှုနှင့် ပတ်သက်ပြီး ဒဂုံတပ်နယ် တာဝန်ရှိသူ၏ မေတ္တာရပ်ခံချက်အရ မှားယွင်းသော အချက်အလက် များရှိနေသည့် ဒဂုံမြို့နယ် မဲစာရင်းအား ကူညီပေးပို့ထားကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဒု ဥက္ကဋ္ဌ ဦးကျော်ဇေယျ က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာက တဆင့် ယနေ့ ထုတ်ဖော်ပြောဆိုထားသည်။


တပ်မတော် အရာရှိဟောင်း တဦးဖြစ်သည့် ဦးကျော်ဇေယျသည် ၂၀၁၅ ခုနစ်ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြု ကာ ရွေးကောက်ပွဲအနိုင်ရခဲ့သော်လည်း နောက်ပိုင်းတွင် ပါတီ ထုတ်ပယ်ခံခဲ့ရပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအား ၎င်းကဲ့သို့ NLD ပါတီမှ ထုတ်ပယ်ခံခဲ့ရသည် ဒေါက်တာ သက်သက်ခိုင်နှင့်အတူ PPP ပါတီကို ထူထောင်ကာ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၁ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း UEC က ထုတ်ပြန်သည့် မဲ ရလဒ်များအရ NLD ကိုယ်စားလှယ်လောင်းအား ရှုံးနိမ့်ထားသူ ဖြစ်သည်။


တပ်မတော်အနေဖြင့် UEC ကကြေညာခဲ့သည့် မဲစာရင်းပုံစံ-၁ နှင့် နိုင်ငံရေးပါတီ၊ ကိုယ်စားလှယ်လောင်းများထံမှ ရရှိသည့် မဲစာရင်းများအပေါ် အခြေခံကာ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တံတားဦးမြို့နယ်၊ မြစ်ကြီးနားမြို့ နယ်၊ လယ်ဝေးမြို့နယ်၊ စေတုတ္တရာမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ တနိုင်းမြို့ နယ်တို့တွင် စိစစ်တွေ့ရှိချက်များ ထုတ်ပြန်ထားချက်အရ မဲမသမာမှု ဖြစ်နိုင်သည့် အရေအတွက် ၁၂၉၂၆၁ ဦး ရှိကြောင်း ဖော်ပြထားသည်။


ယင်းသို့ မဲစာရင်း အမှားများအပေါ် အခြေခံပြီး မဲ မသမာမှု ဖြစ်နိုင်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်များနှင့် ပတ်သက် ပြီး စိစစ်ခဲ့သည့် မြို့နယ်အချို့မှ ကော်မရှင်အဖွဲ့ခွဲများက စွပ်စွဲချက်များသည် ကျိုးကြောင်း ဆီလျော်မှုမရှိသည့် အမှားများစွာ ပါဝင်နေသည်ဟုဆိုကာ ငြင်းဆို ပယ်ချခဲ့ကြသည်။


တပ်မတော်အနေဖြင့် ယခုကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် မဲစာရင်းစစ်ဆေးမှု ပြုလုပ်နေမှုနှင့် ပတ်သက်ပြီး လေ့လာစောင့်ကြည့်သူများနှင့် ရှေ့နေအချို့က ဝင်ရောက်စွက်ဖက်မှုအဖြစ် ဝေဖန်ခဲ့မှုများ ပြုလုပ်ခဲ့ကြသည်။


ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် မဲစာရင်းများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၏ စာရင်းများအပေါ် အခြေခံကာ ပြုစုခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမတိုင်မီ မဲစာရင်း ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်မှုများ ပြုလုပ်နိုင်ရန် အတွက်လည်း၂ ကြိမ်တိုင် ကြေညာကပ်ထားပေးခဲ့သည်။


ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၁၁၇ နယ် ကျင်းပခဲ့ပြီး NLD ပါတီက မဲဆန္ဒနယ် ၉၂၀ တွင် အနိုင်ရခဲ့ပြီး ကြံ့ခိုင် ရေး ပါတီက ၇၁ နေရာသာ အနိုင်ရခဲ့သည်။


ရွေးကောက်ပွဲ ရလဒ်များနှင့် ပတ်သက်၍လည်း ကြံ့ခိုင်ရေးမှအနိုင်ရ NLD လောင်း အများစု ပါဝင်သည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၂၀၀ နီးပါး တင်သွင်းထားကြောင်း သိရပြီး NLD ပါတီဘက်ကလည်း အနိုင်ရ ကြံ့ခိုင်ရေးပါတီ ကိုယ်စား လှယ်လောင်း ၁၄ ဦး အပါအဝင် စုစုပေါင်း ကန့်ကွက်လွှာ ၁၇ မှု တင်သွင်းထားကြောင်း သိရသည်။


You may also like these stories:


https://burma.irrawaddy.com/news/2020/12/30/235781.html

No comments:

Post a Comment