မိုးကုတ်မြို့နှင့် ငါးမိုင်ခန့်အကွာတွင် တပ်မတော်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုးကုတ်မြို့သို့ တိုက်ပွဲရှောင်ဦးရေ ၄၀၀ ခန့် ပြောင်းရွှေ့ရောက်ရှိလာ
နိုဝင်ဘာလ ၂၄ ရက်နေ့ ညပိုင်းက မိုးကုတ်မြို့နှင့် ငါးမိုင်ခန့်အကွာ ကျောက်ဝါနှင့် ဓာတ်တော်တောင်ကြားတွင် တပ်မတော်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုးကုတ်မြို့ပေါ်သို့ တိုက်ပွဲရှောင်ဦးရေ ၄၀၀ ခန့် ပြောင်းရွှေ့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိသည်။
ယင်းသို့ မြို့နှင့် အလွန်နီးကပ်သည့်နေရာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတိုင်းရင်းသား ချောင်းကြီးဘက်မှ ၂၀၀ ခန့် ကျောက်ဝါဘက်မှ လူဦးရေ ၂၀၀ ခန့်တို့မှာ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မိုးကုတ်မြို့ပေါ်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းသို့ တိုက်ပွဲရှောင် ပြောင်းရွှေ့လာသူများမှာ လီဆူစာပေနှင့် ယဉ်ကျေးမှုအသင်း ခန်းမနှင့် ပိတ်စွယ်ဘုရားကျောင်းတို့တွင် ခေတ္တခိုလုံလျက်ရှိကြောင်း သိရသည်။
“လက်ရှိအခြေအနေကတော့ လီဆူစာပေယဉ်ကျေးမှုမှာရယ် ပိတ်စွယ်ထဲမှာရယ် လူဦးရေ ၃၀၀ ကျော်ကျော်လောက် ပြေးလာကြပြီ။ စစ်ဘေးရှောင်လို့ ပြောရမှာပေါ့။ ပိတ်စွယ်ဘုရားထဲမှာက ၂၀၀ ကျော်လောက်ရှိတယ်။ လီဆူခန်းမမှာက ၇၀ လောက်ပဲ ရောက်သေးတယ်။ ပစ်တာခတ်တာတော့ မရှိတော့ဘူး။ သူတို့က ရှောင်လာတဲ့သဘောပါပဲ။ ကြောက်လို့ ပြောင်းရွှေ့လာကြတာပေါ့။ ဒီလိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ တအောင်းပလောင်တွေ လာတာကတော့ ရိုးရိုးလာတာပဲ။ အဲလိုလာတဲ့အချိန်မှာ ဒီဘက်က စိုးရိမ်စိတ်များပြီးတော့ ပြေးကြတာပေါ့။ ဒီလို ဖြစ်တာကတော့ ကောင်းသတင်း မဟုတ်ဖူးလေ။ အလကားနေရင်း ပြေးနေကြရတယ်။ ဒီမှာ နို့တွဲလောင်း ကလေးတွေလည်း ပါတယ်” ဟု မိုးကုတ်မြို့ လီဆူစာပေယဉ်ကျေးမှု အသင်းမှ ဦးစိုးနိုင်က ပြောကြားသည်။
မိုးကုတ်မြို့ အရှေ့ပိုင်းမြို့နှင့် ၅ မိုင်ခန့်အကွာရှိ ကျောက်ဝါနှင့် ဓာတ်တော်တောင်ကြားတွင် နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီခန့်မှ စတင်ကာ တပ်မတော်နှင့် TNLA အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားကာ တိုက်ပွဲဖြစ်ပွားသံများ ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး မြို့နှင့် အလွန်နီးကပ်သည့်နေရာတွင် ယင်းသို့ တပ်မတော်နှင့် TNLA အဖွဲ့တို့ ထိတွေ့သည့် လက်နက်ကြီး ပစ်ခတ်သံများကို မြို့ပေါ်မှ အတိုင်းသား ကြားနေရခြင်းကြောင့် စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း ဒေသခံများက ပြောကြားခဲ့ကြသည်။
“ဒဏ်ရာရတဲ့ အခြေအနေတွေတော့ မသိရပါဘူး။ ပစ်ခတ်သံတွေ ကြားရပြီး တိုက်ပွဲဖြစ်တယ်လို့ သိရတာပေါ့။ ဒီနေ့မှာတော့ အေးဆေးတည်ငြိမ်နေပါတယ်။ တိုက်ပွဲရှောင်တွေကတော့ တစ်ဖက်က လက်နက်ကိုင်အဖွဲ့တွေ ဝင်ထွက်သွားလာနေကတည်းက ရောက်လာနေကြတာပဲ” ဟု မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက ပြောကြားသည်။
“မနေ့ညပိုင်းက မြို့ထဲကနေ သေနတ်သံတွေကြားရတယ်။ နောက်ပြီး ကြီးကြီးမားမား ပေါက်ကွဲသံ နှစ်ချက်သုံးချက် ကြားရတယ်ပေါ့။ အဲဒါက ချောင်းကြီးနဲ့ ကျောက်ဝါဘက်မှာ တပ်မတော်နဲ့ TNLA အဖွဲ့ ထိတွေ့မှုဖြစ်တယ်လို့ သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး လက်ရှိ စစ်ဘေးရှောင်တွေ ရောက်တဲ့အခြေအနေက တိတိကျကျ မသိရသေးဘူး။ ညနေပိုင်းလောက်မှာ စာရင်းတွေကောက်မှ သိရမှာ” ဟု မိုးကုတ်မြို့မှ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်က ပြောကြားသည်။
မိုးကုတ်မြို့အနီးတွင် ယင်းသို့ တိုက်ပွဲဖြစ်ပွားသံများ ထွက်ပေါ်မှုမှာ ယခင်ရက်ပိုင်းများကလည်း အနည်းငယ် ရှိခဲ့သော်လည်း ပိုမိုပြင်းထန်လာခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။ ယင်းသို့ အခြေအနေမတိုင်မီ ပလောင်တိုင်းရင်းသား အချို့မှာ ၄င်းတို့နေထိုင်ရာ ကျေးရွာများတွင် အခြေအနေ တင်းမာမှုများ ရှိနေခြင်းကြောင့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ မတိုင်မီကတည်းကပင် မိုးကုတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း အချို့သို့ တိမ်းရှောင်ရောက်ရှိနေမှုများ ရှိနေခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့ည တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် လူဦးရေ ၃၀၀ ခန့် ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။
ယင်းသို့ ပလောင်တိုင်းရင်းသားများ အခြေအနေအရ တိမ်းရှောင်လာမှုနှင့် ပတ်သက်၍ မြို့ခံတစ်ဦးက “အရင်ရွေးကောက်ပွဲနေ့က တိုက်ပွဲအခြေအနေတွေကြောင့် မိသားစု ၂၂ စုက လူဦးရေ ၆၄ ဦး ရောက်လာတယ်။ သူတို့က တိုက်ပွဲဖြစ်မယ့် အခြေအနေကို ကြိုသိနေကြတာ” ဟု ပြောကြားခဲ့သည်။
ယင်းသို့ မိုးကုတ်မြို့အနီးတွင် တိုက်ပွဲဖြစ်ပွားမှုမှာ TNLA ပလောင်တပ်မှ သတ်မှတ်နယ်မြေ တောင်းဆိုမှုကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်ဟုလည်း ဒေသခံ တိုင်းရင်းသားများက သုံးသပ်မှုများ ထွက်ပေါ်လျက်ရှိပြီး အတည်ပြုနိုင်ခြင်း မရှိသေးပေ။
“အခု မိုးကုတ်မှာ ဖြစ်နေတဲ့အခြေအနေကို သုံးသပ်ချက် ဆိုတာထက် သက်ဆိုင်ရာဆီက ကြားရသလောက်က TLNA က မိုးကုတ်မှာ သတ်မှတ်နယ်မြေ လိုချင်တယ်လို့ ကမ်းလှမ်းမှုအပေါ် တပ်က လက်မခံတာပါဗျ။ အဲ့ကနေ ပေါက်ဖွားလာတာပါ။ အဲ့ကမ်းလှမ်းချက်ကို လက်မခံတဲ့နောက်ပိုင်း တိုက်ပွဲတွေ ခုလို စိပ်လာတာပါပဲ။ မဖြစ်စေချင်ပါဘူးဗျ။ ခရီးသွားမြို့ ဖြစ်သင့်တဲ့ အင်္ဂါရပ်တွေနဲ့ ညီနေတာတောင် ရတနာမြေဖြစ်လို့ ကန့်သတ်တာကြောင့် နိုင်ငံခြားသား ဝင်ခွင့်မရတာ၊ ခရီးသွားမြို့ ဖေါ်ဆောင်မယ့် စီမံကိန်းတွေ စတင်ကာမှ တိုက်ပွဲတွေ စိပ်လာတာက မြို့ရဲ့ရှေ့ရေးအတွက် စိတ်ပူစရာပါဗျ” ဟု ဒေသခံတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
https://news-eleven.com/article/198518

No comments:
Post a Comment