မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ တအန်း (ပလောင်) တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မိုးကုတ်မြို့ပေါ်က ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့တဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။
ကာလအတော်ကြာ ငြိမ်သက်နေခဲ့တဲ့ မိုးကုတ်ဒေသဘက်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ည ၇ နာရီလောက်က အစိုးရတပ်မတော်နဲ့ TNLA ခေါ် တအန်း(ပလောင်)တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ဒီတိုက်ပွဲဟာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သီးခြားစီ တဘက်သတ်အပစ်ရပ်ကြောင်း ကြေညာထားချိန်မှာပဲ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံတွေကို မိုးကုတ်မြို့ကနေ ကြားနေရတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြကြောင်း မိုးကုတ်မြို့နယ်က မဲဆန္ဒနယ်အမှတ် ၁ က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးသစ်က VOA ကို ပြောပါတယ်။
“ကျနော်တို့ မိုးကုတ်မြို့ရဲ့ မြောက်ဘက် မိုးမိတ်နဲ့ မိုးကုတ်ကြားပေါ့။ အဲဒီမှာ ချောင်းကြီးကျေးရွာအုပ်စုတို့၊ ကျောက်ဝါ ကျေးရွာအုပ်စုတို့ ရှိပါတယ်ဗျ။ အဲဒီမှာ ကျောက်ဝါကျေးရွာအုပ်စုနားမှာ ပြောတာတော့ TNLA ပေါ့နော်။ အဲဒါနဲ့ တပ်မတော်နဲ့ ပစ်ခတ်မှုတွေဖြစ်တယ်လို့ ကြားရပါတယ်။ လူထုကတော့ စိုးရိမ်တာပေါ့နော်။ လူထုကတော့ အဲဒါမျိုးအတွေ့အကြုံက တော်တော်ကြာကြာ မဖြစ်ခဲ့ဘူးတော့ စိုးရိမ်တာပေါ့နော်။ သိပ်မဝေးဘူး။ သူက တောင်ပဲ ခြားတာကိုး။ တောင်ပဲခြားတော့ ပစ်ခတ်သံကြားရတယ်။ ပေါက်ကွဲသံကြားရတာပေါ့နော်။”
ဘာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတာ မသိရပေမဲ့ ဒီကနေ့မနက်မှာတော့ မိုးကုတ်မြို့မှာ ပုံမှန်ပဲ သွားလာနေကြကြောင်း ပြောပါတယ်။
TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော်ကတော့ သူတို့စစ်ကြောင်းသွားလာစဉ် ရှောင်တခင် ထိတွေ့တိုက်ပွဲဖြစ်တာဖြစ်ခဲ့တာလို့ ပြောပါတယ်။
“မနေ့က ည ၇ နာရီ ၄၅၊ ၅၀၊ ၈နာရီဝန်းကျင်ပေါ့။ ကျနော်တို့က ဒီ ကျောက်ဝါရွာဘက်ကနေ ကျနော်တို့အဖွဲ့က နယ်မြေစိုးမိုးရေး စစ်ကြောင်း ထွက်လာတယ်။ ထွက်လာတော့ ဒီ လယ်ဦးနားရောက်ခါနီးတော့ မြန်မာတပ်ဘက်နဲ့ တိုးတော့ လမ်းမှာ ဒီနှစ်ဘက် ထိပ်တိုက်တွေ့ပြီးမှ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်တယ်။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်တော့ ကြာတယ်။”
ဒီထိတွေ့တိုက်ပွဲဖြစ်ပွားတာဟာ ဒီလအတွင်း တပ်မတော်နဲ့ TNLA အကြား ဒုတိယအကြိမ်ဖြစ်ပွားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၉ရက်နေ့ကလည်း မိုးမိတ်မြို့နယ် ရွှေညောင်ပင် ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
တိုက်ပွဲဖြစ်ပွားစဉ် TNLA ဘက်က ထိခိုက်ကျဆုံးတာ မရှိကြောင်းနဲ့ တပ်မတော်ဘက်ကတော့ မသိကြောင်း ဗိုလ်မှူးတာ့အိုက်ကျော်က ပြောပါတယ်။
မိုးကုတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူအမျိုးသမီးတစ်ဦးကတော့ မနေ့ကဖြစ်တဲ့တိုက်ပွဲအတွင်းမှာ တပ်မတော်ဘက်က ထိခိုက်ကျဆုံးတာ ရှိကြောင်း အခုလို ပြောပါတယ်။
“စစ်တပ်ဘက်က တစ်ယောက်ကျပြီး တစ်ယောက်ဒဏ်ရာ ရတယ်။ အရပ်သားတော့ မကြားပါဘူး။”ဒီသတင်းနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတည်ပြုချက်ရယူနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ TNLA အဖွဲ့ကမိုးကုတ်မြို့နယ်ဘက်ကို စိမ့်ဝင်လှုပ်ရှားတာ၊ ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာရှိခဲ့ကြောင်း၊ ဒ့ါကြောင့် နယ်မြေရှင်းလင်းစဉ်မှာ တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်ဘက်က တစ်ယောက်ကျဆုံး၊ တစ်ယောက် ထိခိုက်ကြောင်းကို မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာနကို ဖြေဆိုထားပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း မိုးမိတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာအနီးမှာ တပ်မတော်နဲ့ TNLA တို့ တိုက်ပွဲဖြစ်တာကြောင့် ဒေသခံ ၁၀၀လောက် မိုးကုတ်မြို့နယ် လွယ်ဆာကျေးရွာဘက်ကို တိမ်းရှောင်ခဲ့ဖူးသလို ၂၀၁၆ ခုနှစ်အတွင်းကလည်း ဒီဒေသမှာ တိုက်ပွဲဖြစ်တာကြောင့် ဒေသခံ ၂၅၀ လောက် စစ်ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရဖူးပါတယ်။
လက်ရှိအခြေအနေမှာတော့ အစိုးရတပ်မတော် COVID ရောဂါ ကာကွယ်တားဆီးရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် အကြမ်းဖက် အဖွဲ့အစည်းတွေရှိရာနေရာမှ အပ ကျန်ဒေသတွေကို နိုဝင်ဘာလကုန်အထိ တဘက်သတ်အပစ်ရပ်ကြောင်း ကြေညာထားသလို တအန်း(ပလောင်)အဖွဲ့ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးဆွေးနွေးရေးအတွက် ဒီဇင်ဘာလကုန်ထိ အပစ်ရပ်ကြောင်းကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။
https://burmese.voanews.com/a/mogote-military-tnla/5675987.html
No comments:
Post a Comment