Saturday, November 28, 2020

NLD ၏ဖိတ်ခေါ်ချက်အပေါ် ကြိုဆိုကြောင်း KNDP အကြောင်းပြန်

 NLD ၏ဖိတ်ခေါ်ချက်အပေါ် ကြိုဆိုကြောင်း KNDP အကြောင်းပြန်

November 28, 2020 649


နိုဝင်ဘာ ၂၇ရက်၊ ၂၀၂၀ ပြည့်နှစ်။ စောထွန်းလင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖော် ဆောင်ရာတွင်ပါဝင်ရန် တိုင်းရင်းသားပါတီများအားဖိတ်ခေါ်ခဲ့သည့်အပေါ် ကြိုဆိုကြောင်း ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက နိုဝင်ဘာ ၂၇ ရက်တွင် အကြောင်းပြန်ကြားခဲ့သည်။


အဆိုပါ အကြောင်းပြန်စာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အသိပေးကြေငြာချက်ကို ကြိုဆိုကြောင်းအပြင် တိုင်းရင်းသားများ အထူးလိုလားတောင်းတနေသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပေါ်ပေါက်ရေးကို စာတွေ့၊နုတ်ပြောဖြင့်သာ မဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း ဖော်ပြထားသည်။


ရွေးကောက်ပွဲအနိုင်ရ NLD ပါတီသည် နိုဝင်ဘာ ၁၂ ရက်နေ့စွဲဖြင့် “နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေး ကိစ္စ”ဟု အမည်တပ်ထားသည့် စာတစ်စောင်ကို တိုင်းရင်းသားပါတီ ၄၈ ခုသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။


“ကျနော်တို့ရဲ့ သဘောထားကတော့ အခုအကြောင်းပြန်စာပါအတိုင်းပဲ။ ဒီစာကိုလည်းပဲ ပါတီဗဟို အလုပ်မှုဆောင်တွေက ညှိနှိုင်းပြီးတော့ အကြောင်းပြန်လိုက်တာပါ။ ပါတီသဘော ထားကတော့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းရေးကို လက်တွေ့ အကောင်အထည်ဖော် စေလိုတယ်”ဟု KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။


NLD ၏ ဖိတ်ခေါ်စာတွင် တိုင်းရင်းသားပါတီ ၄၈ ပါတီထဲမှ ကရင်ပါတီများဖြစ်သည့် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် ကရင်အမျိုးသားပါတီတို့လည်းပါဝင်ပြီး ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီများက အကြောင်းပြန်ခဲ့ကာ ကရင်ပြည်သူ့ပါတီကလည်း သဲသဲကွဲကွဲဖြစ်အောင် လေ့လာဦးမည်ဟု မှတ်ချက်ပြုပြောဆိုထားသည်။


ကျန်ကရင်ပါတီနှစ်ခုက တရားဝင်ထုတ်ဖော်ပြောဆို ခြင်းမရှိသေးကြောင်း သိရသည်။


ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီကို ကရင်ပြည်နယ်အခြေစိုက်ဖလုံ-စဝေါ်ဒီမို ကရက် တစ်ပါတီမှ ခေါင်းဆောင်အချို့အပါအဝင် ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီတို့ စုပေါင်း၍ ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။


ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ကရင်ပြည်နယ် မြို့နယ်ခြောက်မြို့နယ်တွင် ကိုယ်စားလှယ် ၂၉ ဦးဝင်ပြိုင်ခဲ့ပြီး တစ်နေရာမှ အနိုင်မရခဲ့သော်လည်း အချို့နေရာများတွင် NLD ကို မဲကွာဟချက်ကျဉ်းမြောင်းစွာဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အချို့မဲဆန္ဒနယ်များတွင် မဲရလဒ်ဒုတိယ အများဆုံးရရှိခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ရွေးကောက်ပွဲအပြီး ထုတ်ပြန်သည့် မဲရလဒ်များအရ သိရသည်။

http://kicnews.org/2020/11/nld-%e1%81%8f%e1%80%96%e1%80%ad%e1%80%90%e1%80%b9%e1%80%b1%e1%80%81%e1%81%9a%e1%80%81%e1%80%ba%e1%80%80%e1%80%b9%e1%80%a1%e1%80%b1%e1%80%95%e1%81%9a-%e1%82%80%e1%80%80%e1%80%ad%e1%80%b3%e1%80%86/

No comments:

Post a Comment