Sunday, November 1, 2020

မင်းပြားမြို့နယ်မှ ရွာသား ၃ ဦး ဖမ်းခေါ်ခံရ၊ ရိုက်နှက်ခံရ၍ ရွာသားတစ်ဦး ဦးခေါင်းတွင်ဒဏ်ရာရဟုဆို

 မင်းပြားမြို့နယ်မှ ရွာသား ၃ ဦး ဖမ်းခေါ်ခံရ၊ ရိုက်နှက်ခံရ၍ ရွာသားတစ်ဦး ဦးခေါင်းတွင်ဒဏ်ရာရဟုဆို

ဆောင်းဇာခြည်

နိရဉ္စရာ၊ နိုဝင်ဘာ ၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကံဖေကျေးရွာမှ ရွာသား ၃ ဦးအား တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီး ခေါ်ဆောင်သွားပြီး နောက်ထပ်ကျေးရွာသားတစ်ဦးမှာလည်း ရိုက်နှက်ခံရ၍ ဦးခေါင်းတွင် ဒဏ်ရာ ရရှိ သွားကြောင်း ကျေးရွာသားများက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ ၃ ဦးမှာ ဦးအဖြူ (၆ဝ) နှစ်၊ ဦးအောင်စိန် (၇ဝ) နှစ်နှင့် ဦးဝင်းမောင်ချေ (၄၅) နှစ်တို့ဖြစ်ကြသည်။

ယနေ့ နံနက် ၇ နာရီခန့်က အင်အား ၁၅ဝ ခန့်ပါသည့် တပ်မတော်စစ်ကြောင်းတစ်ခုက ကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် သူတို့ သုံးဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကံဖေကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ရီက ပြောသည်။

 “အဲဒီ စစ်ကြောင်းက မင်းပြားမြို့ဘက်က ဆင်းလာတာ။ အဲဒီမှာ ဟာလပိုင် မူဆလင်ရွာမှာ တစ်ည အိပ်ကြတယ်။ မနက်ကျတော့ ကျွန်တော်တို့ရွာကို ပစ်ခတ်မှုတွေလုပ်ပြီး ဝင်လာတယ်။ ပြီးတော့ အဲဒီ ၃ ယောက်ကို ဖမ်းသွားတာ။ ဖမ်းသွားတာက အိမ်ကလား၊ လမ်းက ဖမ်းသွားတာလားဆိုတာ သေချာမသိဘူး။ အကုန်လုံးက စစ်ကြောင်းဝင်လာတော့ ရှောင်နေကြရတယ်လေ။ အဲဒါကြောင့် ဘယ်လို ဖမ်းခေါ်သွားတယ် ဆိုတာမသိဘူး။ ဖမ်းသွားတာကတော့ အသေအချာပဲ။ ရွာက ထွန်းထွန်းဝင်းဆိုတဲ့ တစ်ယောက်လည်း ရိုက်နှက်ခံလိုက်ရလို့ မြောင်းဘွေဆေးရုံကို ပို့လိုက်ရပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ယင်းစစ်ကြောင်းမှာ ယနေ့ နံနက် ၈ နာရီခန့်က ကျေးရွာအတွင်းမှ ထွက်ခွာသွားပြီးနောက် ကံဖေကျေးရွာအနီးရှိ ဟာလပိုင် (မူဆလင်) ကျေးရွာထဲသို့ ထပ်မံဝင်ရောက်ခဲ့ကြကြောင်း၊ ဝင်ရောက်ခဲ့စဉ် အဆိုပါ ကံဖေရွာသား ၃ ဦးအား ဟာလပိုင်ကျေးရွာသားများက တွေ့မြင်လိုက်ကြသည်ဟု သတင်းရရှိထားကြောင်း ဦးမောင်မြင့်ရီက ဆက်ပြောသည်။

“ရွာသား ၃ ယောက်ကို သူတို့က ကျောပိုးအိတ်တွေ ထမ်းသယ်ခိုင်းထားတယ်။ စစ်ကြောင်းကတော့ အခု မြောက်ဦးဘက်ကို ဦးတည်ပြီး ထွက်သွားပြီလို့ သိရတယ်” ဟု ယနေ့ နေ့လယ် ၁၁ နာရီခန့်က သူက ပြောသည်။

ဦးခေါင်းတွင် ဒဏ်ရာရသွားသူမှာ ကံဖေကျေးရွာမှ ဦးထွန်းထွန်းဝင်း (၄၂) ဖြစ်ပြီး  မြောက်ဦးမြို့နယ်၊ မြောင်းဘွေဆေးရုံသို့သွားကာ ဒဏ်ရာအား ၅ ချက်ခြုပ်လိုက်ရကြောင်း ကာယကံရှင် ဦးထွန်းထွန်းဝင်းက ပြောသည်။

ဦးထွန်းထွန်းဝင်းက “စစ်ကြောင်းတွေ လာနေတာကို မနေ့ညနေပိုင်းကတည်းက သတင်းရတော့ ကျွန်တော့် ဇနီးနဲ့ သားသမီးတွေကို ကိုယ့်ယာခင်းထဲက တဲကို သွားပို့ထားတယ်။ အဲဒါကို ဒီနေ့ မနက်ပိုင်းက သူတို့ဆီကို သွားကြည့်ပြီး တဲကအပြန်မှာ စစ်ကြောင်းနဲ့ တွေ့တော့ ကျွန်တော်က ပြေးလို့လည်း မလွတ်နိုင်တော့လို့ အဲဒီနားက နေရာလေးတစ်ခုမှာ ဝင်ပုန်းလိုက်တယ်။ အဲဒီမှာ ကျွန်တော့်ကို စစ်သားတွေက တွေ့သွားတယ်။ တွေ့သွားတော့ သူတို့ လှမ်းခေါ်တယ်။ ဘာမှမမေးဘဲ နှစ်ယောက်က ကျွန်တော့်လက်ကို ကိုင်ပေးပြီး နောက် တစ်ယောက်က သေနတ်ပေါင်နဲ့ ခေါင်းကို ၃/၄ ချက်လောက် ရိုက်တယ်၊ ထောင်းတယ်။ ရိုက်နေရင်းနဲ့ ကျွန်တော့်ကို ခင်ဗျား အေအေ မဟုတ်ဘူးလားမေးတယ်။ ကျွန်တော်က မဟုတ်ပါဘူးဖြေတော့၊ ဒါဆို ဘာလို့ ဒီမှာ ပုန်းနေတာလဲမေးတော့ ကျွန်တော်က ကြောက်လို့ ပုန်းနေတာပါ။ ကျွန်တော့်မှာ သားသမီးတွေနဲ့လည်း ရှိတယ်။ သူတို့ကို လုပ်ကျွေးနေရတာပါလို့ ကျွန်တော်က ပြောပြတယ်။ အဲဒီမှာ ရိုက်ပြီးတော့ ပြန်လွှတ် ပေးလိုက်တယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ကံဖေကျေးရွာမှ အသက် ၄၆ နှစ် အရွယ်  ဦးမောင်သန်းဆိုသူတစ်ဦးမှာလည်း  ရွာကို ပြန်မရောက်ဘဲ ပျောက်ဆုံးနေသည်ဟု ၎င်းက ပြောကြာသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်အား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ အဆက်သွယ်မရရှိသေးပါ။

ရွာသား သုံးယောက်ကို ဖမ်းခေါ်သွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားထားသဖြင့် ဟုတ်/မဟုတ်ကို သိလို၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

-------------------------------------

Unicode -



နိရဉ်စရာ၊ နိုဝငျဘာ ၂/၂ဝ၂ဝ












https://burmese.narinjara.com/.../5f9fbd058d5b5818df39dc09


https://www.facebook.com/narinjara.info/posts/3751257664886283

No comments:

Post a Comment