Wednesday, November 4, 2020

မင်းပြားတွင် အမျိုးသားတစ်ဦး ကျည်ထိမှန်၍သေဆုံး

 ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မြစ်နားဒုံးချောင်ကျေးရွာတွင် အမျိုးသားတစ်ဦး ကျည်ထိမှန်၍ သေဆုံးသွားသည်ဟု မိသားစုဝင်များထံမှ သိရသည်။


ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည်ပိုင်းအချိန်က မင်းပြားဘက်မှလာသော အင်အား ၅၀ ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းတစ်ခုသည် မြစ်နားဒုံးချောင်ကျေးရွာအဝင်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ ပစ်ခတ်ရာ  ကိုထွန်းထွန်းဝင်း (၃၀)နှစ်ဆိုသူသည် ကျေးရွာ၏အရှေ့ဖက်ရှိ လေးမြို့မြစ်ထဲသို့ ပုန်းခိုရန် သွားစဉ် ကျည်ထိမှန်၍ မြစ်ထဲသို့ ကျသွားကြောင်း ဖခင်ဖြစ်သူ ဦးသာစိန်အောင်က DMG သို့ ပြောသည်။

“အခုလို အပြစ်မရှိဘဲ ပြည်သူတစ်ယောက်ရဲ့ အသက်ဆုံးရှုံးသွားရတာကို ကြေကွဲမတတ်ခံစားရတယ်။ မိဘနေရာက ဝင်ပြီးခံစားကြည့်စေချင်တယ်။ကျွန်တော်တို့လို အဖြစ်မျိုး နောက်ဘယ်သူ့ကိုမှ အဖြစ်စေ ချင်ဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်အထိ ကိုထွန်းထွန်းဝင်း၏ ရုပ်အလောင်းကိုရှာမတွေ့သေးသော်လည်း ယနေ့ နံနက်ပိုင်းတွင် ၎င်းဝတ်ဆင်ထားသည့် အင်္ကျီကို ကျည်ထိမှန်သွားသည့် နေရာ၌ တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များက ပြောကြသည်။

ဒုံးချောင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသို့ ပစ်ခတ်မှုကြောင့် ကျေးရွာသားများမှာ ကြောက်လန့်၍  လေးမြို့မြစ်ကမ်းပါးသို့ ဆင်းရောက်ပုန်းခဲ့ ကြသည့်အပြင် ဘုန်းကြီးကျောင်းအတွင်းလည်း ဝင်ရောက်ပုန်းခေါ်ခဲ့ရကြောင်း ကျေးရွာသားများက ပြောဆို သည်။

ပစ်ခတ်မှုများ ပြုလုပ်ပြီးနောက် တပ်မတော်စစ်ကြောင်းက ကျေးရွာသား ၂၀ ဦးခန့်ကို ခေါ်ယူကာ စစ်ဆေးမေးမြန်းမှုများကိုပြုလုပ်ပြီး မြောက်ဦးမြို့နယ်ဘက်သို့ ထွက်သွားခဲ့ကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး က ပြောသည်။

“ကျွန်တော်တို့ ကျေးရွာမှာ ဒီလိုတစ်ခါမှ မကြုံဖူးဘူး။ မနေ့က ဖြစ်တာက မမျှော်လင့်ဘဲ အခုလိုဖြစ်သွားတော့ ကျေးရွာသားတွေက အကုန်လုံးကြောက်လန့်သွားကြတယ်။ ရွာသားတွေက အကြောက်လွန်လို့ ထမင်းလည်း မစားကြတော့ဘူး”ဟု ဒုံးချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမဲလှအောင်က ပြောသည်။

အဆိုပါကျေးရွာ၌ လူဦးရေ ၃၀၀ခန့်ရှိကြောင်း ယခုကဲ့သို့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်အတွက် စိုးရိမ်ကြောက်လန့်ကာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး လက်ရှိကျေးရွာအတွင်း၌ လူတချို့တဝက်သာ ကျန်ရှိကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်သည်ဆိုသည့် ဒေသခံများ၏ စွပ်စွဲပြောဆိုချက်များနှင့် ပတ်သက်၍ တပ်မတော်၏ တုန့်ပြန်ချက်ကို ရရှိရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

မင်းပြားမြို့နယ်ရှိ လုံခြုံရေးဆောင်ရွက်နေသာ တပ်ဖွဲ့ဝင်များသည် AA အဖွဲ့ဝင်များမှ မြစ်နားဒုံးချောင်ကျေး ရွာအနီး တပ်မတော်ယာဉ်တန်းကို မိုင်းဖော်ခွဲရန် စီစဉ်နေသည်ကို သတင်းရရှိသဖြင့်လုံရေးဆောင်ရွက် လျက်ရှိကြောင်း တပ်မတော်က ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ နေ့လည်ပိုင်းတွင် ထုတ်ပြန်ထားသည်။
 
နိုဝင်ဘာလ ၃ ၇က်နေ့ နေ့လည်ပိုင်းတွင် အဆိုပါကျေးရွာအတွင်းရှိ “ဝင်း” စားသောက်ဆိုင်မှ အရှေ့ဘက်သို့ ထွက်ပြေးသွားသည့် အရပ်ဝတ်များဖြင့် လက်နက်ငယ်များကိုင်ဆောင်ကာ အေအေအဖွဲ့ဝင်သုံးဦးတွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးရာ အေအေအဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေးမြို့မြစ်အတွင်း ခုန်ချထွက်ပြေးသွားကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ အောက်တိုဘာလ လကုန်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တပ်မတော်က ပစ်ခတ်ခဲ့ခြင်းကြောင့်  မင်းပြားမြို့နယ် စက္ကေရကျေးရွာမှ အသက် ၁၀ ကျော်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရရှိသွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)နှစ်နီးပါးကြာမြင့် လာနေပြီး တိုက်ပွဲအကျိုးဆက်ကြောင့် ၂၀၂၀ ပြည့်နှစ် ဇွန်လကနေ နိုဝင်ဘာလ ၃ ရက်နေ့ထိ ရပ်သားသေ ဆုံးသူ ၄၆ ဦးရှိကာ ဒဏ်ရာရရှိသူ ၁၂၉ ဦးအထိ ရှိခဲ့သည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/mritna-donechaung.html

No comments:

Post a Comment