အိမ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၁၄၀၀ ကျော်နေထိုင်တဲ့ ကမ်းထောင်းကြီးစခန်း ရိက္ခာပြတ်တော့မည်ဟုဆို
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ နိုဝင်ဘာ၂၆/၂၀၂၀
အိမ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၁၄၀၀ ကျော်နေထိုင်သော မြေပုံမြို့နယ်၊ ကမ်းထောင်းကြီး စစ်ဘေးရှောင် စခန်းတွင် စားနပ်ရိက္ခများပြတ်လပ်တော့မည့် အနေအထားသို့ ရောက်ရှိနေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုမောင်အေးသာက ပြောသည်။
“ပထမတုန်းကဆိုလို့ရှိရင် ကျနော်တို့ တစ်လမှာတစ်ကြိမ် စားနပ်ရိက္ခာ ခွဲဝေပေးတယ်။ နောက်တော့ လခွဲမှာ တစ်ကြိမ်ခွဲဝေပေးတယ်။ အခုက လကုန်တော့မယ်ဆိုတော့ နောက်လအတွက် ကျနော်တို့မှာ ပေးစရာ ဆန်မရှိတော့ဘူး။ တစ်လ ဆန်အိတ် ၅၀၀ ကျော်အထိ အသုံးပြုနေတဲ့ စခန်းမှာ အခု ဆန်က ၁၀ အိတ်လောက်ပဲ ရှိတော့တယ်။ ကျနော်တို့မှာ နောက်လ အတွက် ဖြန့်ဝေပေးမယ့် ဆန်မရှိ ဖြစ်နေတယ်” ဟုပြောသည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁၄၀၀ ကျော်ခန့်ရှိပြီး တစ်လလျှင် ဆန်အိတ် ၅၀၀ ကျော်ခန့် အထိ အသုံးပြုနေရသည်ဟု သိရသည်။
“ စခန်းမှာက စားနပ်ရိက္ခာတစ်ခုမှ မရှိတော့ဘူး။ ဒါပေမယ့် ကျနော်တို့က တခြားစားနပ်ရိက္ခာတွေဖြစ်တဲ့ ဆီ၊ ဆား၊ ငရုပ်တွေထက် ဆန်က အရေးတကြီးလိုအပ်နေတာဖြစ်လို့ ဆန်ကို အဓိက ဦးစားပေးပြီးတော့ အလှူခံနေရတာဖြစ်တယ်။ နောက်တစ်ခုက ဆောင်းရာသီဖြစ်တဲ့အတွက် အနွေးထည်တွေနဲ့ စောင်တွေလည်း လိုအပ်နေတယ်” ဟု ပြောသည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင် ယခင်က အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ (WFP) တို့မှ ထောက်ပံ့ပေးမှုများကိုရရှိခဲ့သော်လည်း ယခုအချိန်တွင် ကိုဗစ် ကပ်ရောဂါကြောင့် ထောက်ပံ့ပေးမှုများ အားနည်းနေကြောင်း ၎င်းက ဆက်ပြောသည်။
ကိုမောင်အေးသာက “ အခုက WFP ကနေပြီးတော့ လူတစ်ယောက်ကို တစ်လမှာ ငွေ ၁၅၀၀၀ ပေးတယ်။ အရင်လို့ ရိက္ခာတွေထောက်ပံ့ မပေးတော့ဘူး။ ဒီငွေတစ်သောင်းခွဲဆိုတာကလည်း သူတို့လက်ထဲကို ရောက်သွားလို့ရှိရင် ပန်းကန်တစ်လုံးဝယ်ထားလိုက်မယ်။ အင်္ကျီလေးတစ်လုံးလောက် ဝယ်ဝတ်လိုက်မယ် ဆိုတော့ ဒီငွေတစ်သောင်းခွဲဟာ သူတို့လက်ထဲမှာ တစ်ပတ်လောက်ဆိုရင်မရှိတော့ဘူး။ ငွေတစ်သောင်းခွဲနဲ့ လူတစ်ယောက် တစ်လတိတိ ဘယ်လို သုံးလို့ရမှာလဲ ” ဟုပြောသည်။
ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် ဆန်အပါအဝင် ရိက္ခာမျိုးစုံ ပြတ်လပ်နေပြီး စောင်၊ ဖျာ၊ အနွေးထည်များလည်း လိုအပ်နေကြောင်း ၎င်းစခန်းတွင် ခိုလှုံနေသော ဒါးလက်ရွာဟောင်းမှ စစ်ဘေးဒုက္ခသည် ဦိးစိန်မြင့်ကြည်က ပြောသည်။
“ ဒီစခန်းမှာ ဆန်က အဓိက အရေးအကြီးဆုံးဖြစ်နေတယ်။ ဒီလကုန်လို့ရှိရင် ရှေ့လအတွက် ကျနော်တို့မှာ စားဖို့ဆန်မရှိတော့ဘူး။ ဒီဆန် ၁၀ အိတ်နဲ့ မလုံလောက်တဲ့အတွက် စခန်းတာဝန်ခံတွေကလည်း စိုးရိမ်သောကတွေ ရောက်နေတာကို မြင်တွေ့ရပါတယ်။ WFP အဖွဲ့ကတော့ လူတစ်ယောက်ကို ၁ လမှာ ငွေတစ်သောင်းခွဲနှုန်းဖြင့်ထောက်ပံ့လို့ရှိပါတယ်။ ဆီ၊ ဆား၊ ငရုပ်တွေလည်း ကျနော်တို့မှာ မရှိတော့ဘူး။ ပြီးတော့ ကျနော်တို့ခန်းမှာ စောင်တွေ၊ ဖျာတွေလည်း မရှိဘူး။ အနွေးထည်တွေလည်း မရှိဘူး။ အလှူရှင်တွေလည်း မရောက်ဘူး။” ဟုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကမ်းထောင့်ကြီးမြို့အုပ်ချုပ်ရေး ဦးကျော်ဆန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ ခရီးလွန်နေသဖြင့် သူ့အနေဖြင့် မသိရှိရသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဦးကျော်ဆန်းက “ လောလောဆယ်မှာတော့ ကျနော်က ခရီးလွန်နေတဲ့ အတွက် ဒီကိစ္စတွေကို မသိရသေးဘူး ဖြစ်နေတယ်။ပြောဖို့ ခက်နေသေးတယ်။ ပြီးခဲ့တဲ့ လတွေမှာတော့ အဆင်ပြေတယ်လို့ သိရတယ်” ဟု ပြောသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်၊ စည်ပင်ဝန်ကြီး ဦးဝင်မြင့်အား ဆက်သွယ်မေးမြန်းဖို့ ကြိုးစား ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသဖြင့် အစိုးရအဖွဲ့၏ သဘောထားကို မေးမြန်း တင်ပြနိုင်ခြင်း မရှိသေးပါ။
အဆိုပါစစ်ဘေးရှောင်စခန်းတွင် ခိုလှုံရန်ရောက်ရှိလာကြသော ဒေသခံများမှာ အမ်းမြို့နယ်၊ သရက်ပင်ချောင်း၊ ဒါးလက်၊ ဆင်ဦးတိုက်၊ လီသွန်၊ သဲကမ်းထောင်း၊ ရှောက်ခြုံကျေးရွာနှင့် မြေပုံမြို့နယ် ဟင်းခရော်၊ ညောင်ကန် ကျေးရွာတို့မှ ဖြစ်ကြပြီး အိမ်ထောင်စု ၃၉၂ စုနှင့် လူဦးရေ ၁၄၀၅ ဦးအထိရှိကြောင်း သိရှိရသည်။
----------------------
Unicode:
နိရဉ်စရာ၊ နိုဝငျဘာ၂၆/၂၀၂၀
https://burmese.narinjara.com/.../5fbf8f0a3f8935047dbb786d
https://www.facebook.com/narinjara.info/posts/3822649911080391
No comments:
Post a Comment