Thursday, November 26, 2020

မိုးကုတ်အနီး တိုက်ပွဲအရှိန်ကြောင့် ဒေသခံ ရာနဲ့ချီထွက်ပြေး

 မန္တလေးတိုင်း မိုးကုတ်မြို့အနီး တိုက်ပွဲကြောင့် ဒေသခံရာနဲ့ချီ တိမ်းရှောင်ခဲ့ကြရသလို၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ တရုတ်နယ်စပ်အနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ စုံစမ်းနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်ကိုမိုးဇော်က ပြောပြပါမယ်။

တပ်မတော်နဲ့ TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့အကြား ဒီလ ၁၉ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်နဲ့ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွေအတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာက လုံခြုံရေးအတွက်စိုးရိမ်တာကြောင့် ဒေသခံတွေ မိုးကုတ်မြို့ပေါ်ကို တိမ်းရှောင်လာကြတာပါ။

တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာသူ ၅၀၀ ကျော်လောက် ရှိနေပြီလို့လည်း မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှုး ဦးစိုးမြင့်က VOA ကို ပြောပါတယ်။

“မနေ့က ညနေပိုင်းထိ စာရင်းချုပ်တော့ ဒီမှာ ကျနော်တို့ ထားတဲ့နေရာ ၅နေရာရှိတယ်။ ရွှေဂူကြီးဘုရား ဘုန်းကြီးကျောင်းမှာ ၁၀၀ ကျော်ထားတယ်။ ဂိဇ္စျိကုဋ် လီဆူပတ္တမြားခန်းမမှာလည်း ၈၀ လောက် ထားတယ်။ နောက် အောင်မင်္ဂလာ ဓမ္မာရုံမှာလည်း ၈၀ လောက် ထားတယ်။ ပိတ်ဆွယ် ၂ လီဆူနှစ်ခြင်း အသင်းတော်မှာလည်း ၂၀၀ ကျော် ထားတယ်။ နောက် ကျနော်တို့ ရှမ်းကျောင်းပေါ့၊ တချို့လည်း နီးစပ်ရာအိမ်တွေမှာ လာပြီးတော့ ခိုလှုံကြတာတွေ ရှိပါတယ်။ အားလုံးဆိုရင် ၅၄၀ လောက် ရထားတယ်ဗျ။”တိမ်းရှောင်လာသူတွေဟာ မာနား၊ ချောင်းကြီးအလယ်ရွာ၊ ရှမ်းကုန်းစံ၊ လီဆူကုန်းစံနဲ့ ကျောက်ဝါရွာတွေက ဖြစ်ပြီး စစ်ရှောင်တွေကိုတော့ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ရပ်မိရပ်ဖတွေက ကူညီထောက်ပံ့ပေးထားကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲလွန်ကာလမှာ တပ်မတော်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် လက်နက်ကိုင်အဖွဲ့တွေက အပစ်ခတ်ရပ်စဲထားပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်ဆင်တာတွေ ရှိပေမဲ့ ဒေသတွင်းအခြေအနေတွေဟာ တည်ငြိမ်မှု မရှိသေးသလို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ကျောက်မဲမြို့နယ်အတွင်းမှာ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခံခဲ့ရပါတယ်။

မနေ့တုန်းကလည်း တရုတ်နိုင်ငံနဲ့နယ်စပ် မူဆယ်မြို့မှာ ည ၈ နာရီလောက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တာပါ။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မူဆယ်မြို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခရိုင်မှုး ဦးအယ်လ်စိုးက အခုလို ပြောပါတယ်။

“မူဆယ်ကနေ နမ့်ခမ်းအထွက်လေ အဲဒါမုဒ်ဦး ရှိတယ်လေ... ကြိုဆိုပါ၏ ပေါ့။ အဲဒီနားမှာပါ။ ၈ နာရီကျော်ကျော်လောက်ပေါ့။ ဖြစ်စဉ်ကတော့ ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ အိမ်ရှိတယ်လေ။ အသံမိုင်းလို့ ထင်ရတာပေါ့နော်။ အသံမိုင်းလို့ ထင်ရတယ်။ အဲဒါ ခြံဝင်းထဲမှာ ပစ်ပြီး ပေါက်ကွဲသွားတယ်။ ထိခိုက်မှု မရှိဘူးနော်။ လူသူ၊ တိရိစ္ဆာန်... အပျက်အစီးလည်း မရှိဘူး။”

ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို မြို့နယ်အုပ်ချုပ်ရေး၊ ရဲ၊ တပ်မတော်စတဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို လာရောက်စစ်ဆေးခဲ့ကြပြီး လောလောဆယ်မှာတော့ လက်သည်တရားခံကို စုံစမ်းနေဆဲရှိကြောင်း ပြောပါတယ်။တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အခြာ ဖြစ်တဲ့ မူဆယ်ဒေသမှာ လက်နက်ကိုင်အဖွဲ့ အတော်များများ လှုပ်ရှားနေပြီး ပစ်ခတ်တိုက်ခိုက်တာ၊ ပေါက်ကွဲမှုဖြစ်တာတွေဟာ မကြာခန ဖြစ်ပွားလေ့ ရှိပါတယ်။

မူဆယ်မြို့ ဂရုဏာ ပရဟိတအသင်းက ဦးသောင်းထွန်းကတော့ ဗုဒ္ဓဟူးနေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့ပေမဲ့ ဒီကနေ့မှာတော့ ဒေသခံတွေဟာ ပုံမှန်အတိုင်း သွားလာနေကြကြောင်း ပြောပါတယ်။

“ပုံမှန်ပါပဲ။ အခြေအနေအားလုံး ပုံမှန်ပါပဲ။ ကျနော်တို့ မူဆယ်ကလည်း ဒီပေါက်ကွဲမှုတွေက ခန၊ ခန ဖြစ်နေတဲ့အခါကျ သိပ်မထူးဆန်းသလို၊ ပြောရရင် နည်းနည်းလေး ရိုးနေသလိုပေါ့ဗျာ။”တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ နမ့်ခမ်းမြို့ဘက်ကနေ ဆိုင်ကယ်နဲ့ အမျိုးသား ၂ ဦးလာရောက်ပြီး နေအိမ်ရှေ့လမ်းမပေါ်ကနေ အိမ်ဝန်းအတွင်းကို ပစ်ခဲ့တဲ့ လက်လုပ်မိုင်းပေါက်ကွဲတာဖြစ်ကြောင်းနဲ့ ပေါက်ကွဲမှုကြောင့် လူထိခိုက်တာ မရှိဘဲ ခြံဝန်းနဲ့ ကပ်နေတဲ့ အလုပ်သမားတန်းလျားရဲ့ မျက်နှာကျက်နဲ့ ပြတင်းပေါက်မှန် တချို့ ကွဲအက်ပျက်ဆီးခဲ့ကြောင်းဖော်ပြပါတယ်။

ဒီလ ၂၃ ရက်နေ့ည ၈နာရီလောက်ကလည်း ကချင်ပြည်နယ်၊ မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာမှာ အမည်မသိ လူ၂ ယောက်က ဆိုင်ကယ်စီးလာပြီး ဦးထွန်းခင်ဆိုသူနေအိမ်ရှေ့မှာ ချထားခဲ့တဲ့နောက် အသံမိုင်း တစ်လုံးပေါက်ကွဲခဲ့ကြောင်းနဲ့ ဒီပေါက်ကွဲမှုမှာ လူထိခိုက်တာမရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

https://burmese.voanews.com/a/tnla-moe-kote-shan/5677256.html

No comments:

Post a Comment