တိုက်ပွဲကြောင့် မိုးကုတ်မြို့ပေါ် လူဦးရေ(၇ဝဝ)ကျော် တိမ်းရှောင်နေရ
https://www.shwepheemyay.com/node/81
လွေးအေးမီး၊ ရွှေဖီမြေ
နိုဝင်ဘာ ၂၆ ရက်၊ မိုးကုတ်
တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့ပေါ်ကို ဒေသခံ (၇ဝဝ)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒေသခံတစ်ချို့ဟာ ဒီနေ့ နိုဝင်ဘာလ ၂၆ ရက်မှာ နေရပ်ကို ပြန်သွားကြပြီလို့ သိရပါတယ်။
တိမ်းရှောင်လာတဲ့အထဲမှာ မိုးကုတ်မြို့နယ် ချောင်းကြီး၊ ကျောက်ဝါ၊ ရှမ်းကုန်းစံက ဒေသခံတွေ အများဆုံးဖြစ်ပြီး ချောင်းကြီးအလယ်ရွာနဲ့ မာနားကျေးရွာက ဒေသခံတွေလည်း ပါဝင်ပါတယ်။
လက်ရှိအချိန်ထိ လီဆူပတ္တမြားခန်းမမှာ (၂၂၀)ဦး၊ ပိတ်ဆည်ဘုရားကျောင်းမှာ (၂၅၀)ဦး၊ အောင်မင်္ဂလာခန်းမမှာ (၁၄၀)ဦး၊ ဆီဆူဗုဒ္ဓဘာသာကျောင်းမှာ (၅၂)ဦးနဲ့ ရွှေကူခန်းမမှာ (၅၀)ဦး စုစုပေါင်း (၇၁၂)ဦး တိမ်းရှောင်နေကြရပါတယ်။
အဲဒီနေရာတွေအပြင် နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာလည်း လာရောက်ခိုလှုံကြတယ်လို့ တိုက်ပွဲရှောင်တွေကို လိုက်လံကူညီပေးနေတဲ့ မိုးကုတ်မြို့နယ် လီဆူစာပေယဉ်ကျေးမှုရဲ့ အတွင်းရေးမှူး ဦးစိုးနိုင်က ပြောပါတယ်။
TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က “တိုက်ပွဲက နိုဝင်ဘာ ၂၄ ရက်ညမှာဖြစ်တာ ရှစ်နာရီထိုးခါနီးပေါ့။ လှည်းဦးနားမှာ တပ်နဲ့ ထိပ်တိုက်တွေ့တဲ့ပုံစံနဲ့ တိုက်ပွဲဖြစ်သွားတာ။ ၁၅ မိနစ်လောက်ကြာမယ်။ အဲမှာဖြစ်ပြီးတာနဲ့ ကျွန်တော်တို့လည်း ပြန်ခွာတော့ တိုက်ပွဲ ငြိမ်သွားတယ်” လို့ ဆိုပါတယ်။
လက်ရှိမှာ ချောင်းကြီးဘက် လက်နက်ကိုင်တပ်ဖွဲ့တွေ သွားလာနေတာတွေ ရှိနေတာကြောင့် တိုက်ပွဲထပ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ လီဆူစာပေယဉ်ကျေးမှုရဲ့ အတွင်းရေးမှူး ဦးစိုးနိုင်က ပြောပါတယ်။
တပ်မတော်ဘက်က အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာမှအပ ကျန်တဲ့နယ်မြေတွေမှာ နိုဝင်ဘာလကုန်အထိ အပစ်အခတ် ရပ်ဆိုင်းမှာဖြစ်ကြောင်း ကြေညာထားသလို မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ TNLA၊ MNDAA နဲ့ AA တို့ ၃ ဖွဲ့ကလည်း ဒီဇင်ဘာလ ၃၁ ရက်အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ကြေညာထားကြပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ကလည်း TNLA တပ်ဖွဲ့က ရွာထဲကို ရောက်ရှိလာတာကြောင့် မိုးကုတ်မြို့နယ် ချောင်းကြီးအုပ်စုနဲ့ ကျောက်ဝါအုပ်စုက ကျေးရွာခံတွေဟာ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး မြို့ပေါ်ကို တိမ်းရှောင်ခဲ့ကြပါတယ်။
#တိုက်ပွဲရှောင် #TNLA #တပ်မတော် #မိုးကုတ်
#ဓာတ်ပုံ- ဦးစိုးနိုင်
https://www.facebook.com/451214215694715/posts/846470166169116/
https://www.facebook.com/shwepheemyaynews/posts/846470166169116
No comments:
Post a Comment