တိုင်းရင်းသားများအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်မည်
By The Standard Time Daily -November 25, 2020
Share on Facebook
မြန်မာနိုင်ငံ၏ ရှေ့ဆက်သွားမည့် နိုင်ငံရေးလမ်းစဉ်တွင် တိုင်းရင်းသားများအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသည်။
နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ်(၂၃) ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDPs)များ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရာတွင် UN Agency များ၏ ကဏ္ဍအလိုက် ညှိနှိုင်းမှုသေချာစေရေးအတွက် နည်းပညာဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်နှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDPs)များအတွက် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာအရ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဘေးကင်းလုံခြုံရန်၊ ဂုဏ်သိက္ခာရှိရန်နှင့် မှီခိုမှုကင်းသော ဘဝများ ရရှိရန်အတွက် ရည်ရွယ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသည်။
ထို့ပြင် ပြန်လည်နေရာချထားမည့် လုပ်ငန်းစဉ်များကို မဟာဗျူဟာတွင် စနစ်တကျထည့်သွင်းရေးသားထားပြီးဖြစ်ကြောင်း၊ ပြည်နယ်လုပ်ငန်းကော်မတီက လုပ်ငန်းကဏ္ဍအလိုက် ဆပ်ကော်မတီကိုးခု ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။
ကချင်ပြည်နယ်အတွင်းရှိ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ လုပ်ငန်းများဖော်ဆောင်ရေး၊ လူမှုပေါင်း စည်းရေး၊ အခြေခံအဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေး၊ သတင်းနှင့် ပြန်ကြားရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်စွာသွားလာခွင့် မြှင့်တင်ပေးရေး၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် အထောက်အကူပြုရေးစသည့် ကဏ္ဍအသီးသီးတွင် မဟာဗျူဟာပါ ဖြေရှင်းဆောင်ရွက်မှု နည်းလမ်းများကို တည်ဆဲ ဥပဒေများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေးများတွင် လက်မှတ်ရေးထိုးခဲ့သော ပြည်ထောင်စုသဘောတူစာချုပ်၊ လူမှုရေးကဏ္ဍ အခြေခံမူသဘောတူညီချက်တို့နှင့်အညီ ဆောင်ရွက်အကောင်အထည်ဖော်နိုင်ရန်ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။
ထို့ပြင် နိုင်ငံခြားရေးရာမူဝါဒတွင်လည်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ရင်းနှီးခင်မင်စွာ ဆက်ဆံသွားမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ် နေရပ်ပြန်လုပ်ငန်းများတွင် UN Core Group ဝင်တို့က ကဏ္ဍအလိုက် နည်းပညာနှင့် လိုအပ်သော ကူညီထောက်ပံ့မှုများ ပေးသွားကြမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ကြောင့် အစိုးရက ဦးဆောင်သည့် နည်းပညာဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်ကို ရေးဆွဲရခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာက အသိအမှတ်ပြုထားပြီး အစိုးရက အတည်ပြု ထုတ်ပြန်ထားသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာပါအချက်များနှင့် ကိုက်ညီအောင် ရေးဆွဲရန် ၎င်းက ပြောကြားခဲ့သည်။
http://sdtimedaily.com/2020/11/25/shp25-126/
No comments:
Post a Comment