ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်မှုရှိသည်ဟုဆိုကာ သံသဖြင့် ဖမ်းဆီးခံရသူများထဲတွင် မိသားစုအတွက် ဝမ်းစာရှာပေးနေသူများလည်းပါဝင်ပြီး ၎င်းတို့ဖမ်းဆီးခံရပြီး နောက်တွင် ရှာဖွေကျွေးမွေးမည့်သူမရှိ၍ မိသားစုဝင်များမှာ အကူအညီလိုအပ်လျက် ရှိနေသည်။
မြောက်ဦးမြို့နယ်၊ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းမှ နိုဝင်ဘာ ၆ ရက်နေ့တွင်ဖမ်းဆီးခေါ်ဆောင်ခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် ဒေါ်လှတင်နု၏ ကျန်ရှိခဲ့သော အသက် ၇၀ ကျော် အရွယ်မိဘနှစ်ဦးမှာ စားဝတ်နေရေးအဆင်မပြေ၍ တခြားသူများနေအိမ်တွင် ကပ်ခိုနေထိုင်နေရသည်။
“သမီးအဒေါ်ကို ဖမ်းဆီးသွားပြီးတဲ့နောက် အဖိုးနဲ့အဖွားက တခြားတစ်ရွာက အသိတစ်ယောက်အိမ်မှာနေတယ်။ စစ်ဘေးရှောင်စခန်းမှာ နေရတာလည်း စိုးရိမ်တဲ့အတွက်ပေါ့နော်၊ အဖိုးနဲ့အဖွားက အသက်လည်းကြီးနေပြီ၊ အလုပ်လည်းမလုပ်နိုင်တော့ဘူး။ ဆိုတော့ သမီးအဒေါ်ကို အားကိုးပြီးနေရတာ အခုပိုက်ဆံမရှိလို့ သူ့သမီးကို တွေ့ဖို့တောင်မသွားနိုင်ဘူး” ဟု ဖမ်းဆီးခံရသူ၏ တူမဖြစ်သူ မအေးမှုံချေက ပြောသည်။
စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းချုပ်နှောင်ခံထားရသည့်သမီးဖြစ်သူ ဒေါ်လှတင်နုအား တွေ့ဆုံနိုင်ရန် အတွက် မိဘနှစ်ပါးမှာ အကူအညီများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။
အလားတူ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ဒေါ်လှလှချေမှာလည်း လင်ယောကျ်ားဖြစ်သူ သံသယဖြင့်ဖမ်းဆီးခံရပြီး စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည်။
ယင်းသို့ဖမ်းဆီးခံထားရသည့် လင်ယောကျ်ားမှာ စစ်တွေမြို့တွင် တရားရင်ဆိုင်နေရသဖြင့် တရားရုံးချိန်းများကို တက်ရောက်ရန် အခြားစစ်ဘေးရှောင်များ၏ အကူအညီများကိုရယူနေရပြီး ငွေကြေးအဆင်မပြေသည့် အချိန်တွင် ရုံးချိန်းမသွားရောက်နိုင်ဘဲရှိနေကြောင်း ဒေါ်လှလှချေက ဆိုသည်။
“ယောက်ျားကို ဖမ်းဆီးသွားတဲ့အချိန် ကျမ ကလေးမွေးတော့မယ့် လပါ။ ကလေးမွေးတော့လည်း သူမရှိတော့ ငွေကြေးရှာရတဲ့နေရာမှာလည်း အခက်အခဲရှိခဲ့တယ်။ တစ်လတစ်ကြိမ် ရုံးထုတ်သွားတာတောင် စစ်ဘေးရှောင် စခန်းက ပိုက်ဆံအကူအညီနဲ့သွားရတယ်” ဟု ၎င်းက ရှင်းပြသည်။
ဒေါ်လှလှချေသည် ကျောက်တော်မြို့နယ် သာစည်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး လက်ရှိတွင် ညောင်ချောင်း စစ်ဘေးရှောင်စခန်း၌ ၆ လကျော်အရွယ် ကလေးတစ်ဦး၊ ၅ နှစ်အရွယ် ကလေးတစ်ဦးတို့နှင့်အတူ နေထိုင်လျက် ရှိနေသည်။
ရခိုင်ပြည်နယ်အတွင်း အေအေနှင့်ပတ်သက်ပြီး သံသယဖြင့်ဖမ်းဆီးခံရသူများကို လုံခြုံရေးအခြေအနေကြောင့် စစ်တွေမြို့အပါအဝင် လုံခြံုရေးစိတ်ချရသည့်နေရာများသို့ပြောင်းရွှေ့ကာ ရုံးထုတ်စစ်ဆေးလျက်ရှိသည်။
ယင်းကြောင့် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ စစ်တွေမြို့အပါအဝင် ခရီးဝေးသည့်မြို့များသို့ ရုံးချိန်း လာရောက်နေကြရပြီး ဆင်းရဲချို့တဲ့သူများမှာ အခက်အခဲများကြုံတွေ့နေကြရခြင်းဖြစ်သည်။
“ရုံးချိန်ကြာလာတော့ ကျန်ရှိနေတဲ့မိသားစုတွေမှာ စားဝတ်နေရေးအခက်အခဲရှိလာတယ်။ မြောက်ဦးကနေ စစ်တွေကိုသွားဖို့ငွေကြေးမရှိအတွက် ရုံးချိန်းတောင် ပုံမှန်မသွားနိုင်တော့တဲ့ အခြေအနေကို တောင်ရောက်နေပြီ” ဟု မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုဇော်ထွန်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့်မှာ ၂ နှစ်ခန့် ကြာမြင့်လာနေပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လမှ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ သံသယဖြင့်ဖမ်းဆီးခံရသူ စုစုပေါင်း ၁၀၄ ဦးအထိ ရှိနေပြီဖြစ်သည်။
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/need-support.html
No comments:
Post a Comment