နောင်စန့်ရပ်ကွက်နေ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး နမ့်ခမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရ
နမ့်ခမ်း | မားနဂါး ။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် နောင်စန့်ရပ်ကွက်က နေအိမ်ဝန်းအတွင်း အိမ်ပိုင်ရှင် ဖြစ် သူ ဦးစိုင်းအောင်ဝင်းဟာ အိမ်ရှေ့မှာ ဖုန်းရပ်ပြောနေစဉ် (အမည်မသိရသေးသူ) လက်နက်ကိုင်ဆောင်လာသူ အမျိုးသားတစ်ဦးမှ လက်နက်ငယ် ပစ္စတိုဖြင့် ဝင်ရောက်ပစ်ခတ်မှု ဖြစ်စဉ် နိုဝင်ဘာလ ၄ရက်နေ့ ညနေပိုင်း(၆) နာရီအချိန်ခန့်မှာ ဖြစ်ပွားခဲ့ပါတယ်။
Social Media စာမျက်နှာတစ်ခုကလည်း အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး CCTV မှတ်တမ်းတစ်ခုကို ထုတ်ဖော် ပြသခဲ့ရာမှာ အဆိုပါအခင်းမဖြစ်ခင် ဦးစိုင်းအောင်ဝင်းက အပြင်မှ ကားဖြင့်ပြန်လာဟန် တွေ့ရပြီး အိမ်ဝန်းအတွင်း ရောက်စဉ် ကားပေါ်မှ ဆင်းကာ ကားနဘေးမှာ ဖုန်းပြောနေပါတယ်။
တချိန်တည်းမှာပဲ အိမ်ဝန်းရှေ့ ကားလမ်းမမှာ ဆိုင်ကယ်တစ်စီး လူနှစ်ဦး စီးလာပြီး အိမ်ဝန်းအကျော်လေးမှာ ရပ်လိုက်ပြီး လက်နက်ငယ် ပစ္စတို ကိုင်ဆောင်တဲ့ အမျိုးသားတစ်ဦးလာ ပြေးလာပြီး ဖုန်းပြောနေသူ ဦးစိုင်း အောင်ဝင်းကို ၃ချက်(သို့) ၄ချက်ခန့် ပစ်လိုက်ပြီး ပြန်လည်ထွက်ပြေးသွားတာကို မြင်တွေ့ရပါတယ်။
ပစ်ခတ်ခံရမှုကြောင့် ဦးစိုင်းအောင်ဝင်းဟာ တင်ပါးနဲ့ ဝမ်းဗိုက်တွေမှာ သေနတ်ဒဏ်ရာရရှိခဲ့ပြီး နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပါတယ်။
လူနာရဲ့ လက်ရှိကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုင်းလှတင်က“လူနာရဲ့ ကျန်းမာရေးအခြေအနေတော့ ကောင်းပါတယ်။ ခွဲစိတ်တာတော့ နှစ်ခါရှိပါပြီ”လို့ မားနဂါး သတင်းဌာနကို ပြောပါတယ်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောင်စန့်ရပ်ကွက်နေ ဒေသခံတစ်ဦးက
" သူက ရပ်ကွက်ထဲကလူပဲပေါ့ သူရဲ့အိမ်ရှေ့မှာပဲ ပစ်ခံရတယ် ပစ်သတ်ခံရတဲ့အချိန်မှာ သူ့မိသားစုတွေ သူ့ကို ဆေးရုံ သွားပို့ခဲ့ရတယ်လေ " ဟု မားနဂါးသတင်းဌာနကို ပြောပါသည်။
အဆိုပါ ပစ်ခတ်ခံရသူနဲ့ ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် SNLD တာဝန်ရှိတစ်ဦးက
" သူက SNLD အဖွဲ့ဝင်ဟောင်းတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ပါတီအခက်အခဲကြုံနေတဲ့အချိန်မှာ လက်ရှိ SNDP အဖွဲ့ထဲကို ပါသွားတာပေါ့ ကျနော်တို့နဲ့လည်း အခုက အဆက်အသွယ်မရ မလုပ်တော့တဲ့ သူတစ်ဦးပါ " လို့ မားနဂါး သတင်းဌာနကို ပြောပါတယ်။
ဦးစိုင်းအောင်ဝင်း ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(ဥက္ကဌ) ဒေါက်တာ စိုင်းကျော်အုန်းကလည်း
" ဒီလိုဖြစ်သွားတာကတစ်ပိုင်း၊ ပြည်သူလူထုတွေက မဲလာပေးဖို့ ဆန္ဒကနည်းသွားမယ်လို့ကျနော်သုံး သပ်မိတယ်။ Covid-19 ကလည်း တစ်ပိုင်းဖြစ်နေတော့ ပြည်သူလူထုတွေ မဲပေးဖို့စိုးရိမ်ကြမယ်။ "လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အတွင်း ဒဏ်ရာရခဲ့သူ ဦးစိုင်းအောင်ဝင်းဟာ နမ်းခမ်းမြို့နယ်အတွင်း ရှမ်းသွေးစည်းညီညွတ် ရေးလူမှုရေး အဖွဲ့ ဦးဆောင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်တုန်းကလည်း အဆိုပါ အိမ်ဝင်းအတွင်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရမှု ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဘူးတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/3983689688326893?__tn__=%2CO*F
No comments:
Post a Comment