ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ ဦးခေါင်းကျည်စထိမှန်ခဲ့သည့် အဝေးသင်ကျောင်းသူ မနှင်းယုလှိုင်မှာ ဆေးကုသမှုခံယူရန် ငွေကြေးအခက်အခဲဖြစ်နေကြောင်း မိသားစုဝင်များက ဆိုကြသည်။
မနှင်းယုလှိုင်မှာ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူပြီးဆင်းလာသည်မှာ သီတင်းတစ်ပတ်ရှိပြီဖြစ်ကာ စစ်တွေမြို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်းတွင် နေထိုင်လျှက်ရှိသည်။ ၎င်းမှာ ပုံမှန်လူတစ်ယောက်ကဲ့သို့ စကားပြောနိုင်ခြင်း၊ လမ်းလျှောက်နိုင်ခြင်းတို့ မလုပ်ဆောင်နိုင်သေးကြောင်း ဖခင်ဖြစ်သူ ဦးမောင်ဖြူသိန်းက ပြောသည်။
“ဦးခေါင်းမှာ ကျည်စက နှစ်ခုဝင်သွားတာ။ အခုတော့ တစ်စပဲထုတ်ရသေးတယ်။ အာရုံကြောမှာထိနေတဲ့ ကျည်စကို မထုတ်ရသေးတဲ့အတွက် တခုခုဖြစ်သွားမှာကို ပိုပြီးတော့စိုးရိမ်ပါတယ်။ ကျနော်တို့မှာတော့ အဖက်ဖက်က အခက်အခဲဖြစ်နေတယ်။ အဲဒီကျည်စကို ရန်ကုန်ကိုသွားပြီးထုတ်ရမယ်တဲ့” ဟု ၎င်းက ရှင်းပြသည်။
မနှင်းယုလှိုင်မှာ တတိယနှစ်သမိုင်းဘာသာအထူးပြုဖြင့် စစ်တွေတက္ကသိုလ်၌ အဝေးသင်တက်ရောက်နေ၍ ယခုကဲ့သို့အာရုံကြော ထိခိုက်သွားသည့်အတွက် ပညာရေးဆုံးရှုံးသွားမည်ကိုစိုးရိမ်နေရကြောင်း မိခင်ဖြစ်သူ ဒေါ်စိန်သန်းရီက ပြောသည်။
“အခုလို စကားမပြောဖြစ်နေတော့ ကျမတို့သမီးဖြစ်ချင်တဲ့(ကျောင်းဆရာမ) အိမ်မက်တွေ အကောင်အထည် ဖော်နိုင်ပါ့မလားဆိုပြီး စိုးရိမ်တယ်။ စိတ်ထဲမှာလည်း အကြီးအကျယ်ခံစားရတယ်။ သမီးလည်း စိတ်ဓာတ်တွေ ကျနေတယ်။ သူ့ဖက်က စကားတခွန်းမှမပြောပေမဲ့ မျက်ရည်တွေဝဲပြီးငိုတယ်” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ဆေးကုသရန်အတွက် ငွေကျပ်သိန်း ၁၀ ကျော်သာရှိသည့်အတွက် အလှူရှင်များအနေဖြင့် ကူညီ ပေးစေလိုကြောင်း မိသားစုဝင်များက ဆိုကြသည်။
အဆိုပါကျေးရွာသို့ စက်တင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်၍ မူလတန်းပြဆရာမတစ်ဦးအပါအဝင် ၅ ဦးသေဆုံးကာ မနှင်းယုလှိုင်အပါအဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြသည်။
မနှင်းယုလှိုင်ဒဏ်ရာရရှိခဲ့သဖြင့် ကမ်းထောင်းကြီးဆေးရုံတွင် ၂ ရက်နှင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ၄၆ ရက်ကြာ ဆေးကုသမှုခံယူပြီးနောက် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဆေးရုံမှဆင်းလာခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း၌ ၂၀၂၀ ပြည့်နှစ် ဇွန်လကနေ နိုဝင်ဘာလ ၃ ရက်နေ့ထိ ရပ်သားသေဆုံးသူ ၄၆ ဦးရှိကာ ဒဏ်ရာရရှိသူ ၁၂၉ ဦးနှင့် ဖမ်းဆီးခံရသူ ၉၇ ဦးရှိလာပြီဖြစ်သည်။
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/uni-std-need-m.html
No comments:
Post a Comment