တပ်မတော်နှင့် AA အကြား ကြားဝင်ညှိနှိုင်းပေးနေသူ မစ္စတာယိုဟေးဆာဆာကာဝါ ရခိုင်သို့ ရောက်ရှိ
အိမ်စိုးဖြူ၊ သျှင်မင်းဇံ
စစ်တွေ၊ နိုဝင်ဘာ ၂၈ / ၂ဝ၂ဝ
လက်ရှိရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများလျော့ကျရန်နှင့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြား ကြားဝင် ညှိနှိုင်းဆောင်ရွက်ပေးနေသူ မြန်မာနိုင်ငံအမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် မစ္စတာယိုဟေးဆာဆာကာဝါသည် ယနေ့ နံနက်က စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိ လာခဲ့သည်။
မစ္စတာ ယိုဟေးဆာဆာကာဝါနှင့်အဖွဲ့သည် စစ်တွေလေဆိပ်သို့ရောက်ရှိပြီးနောက် ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲ မကျင်းပခဲ့ရသည့်မြို့နယ်များသို့ စစ်ရဟတ်များဖြင့် သွားရောက်လေ့လာနေသည်ဟု သိရသည်။
ယင်းနောက် စစ်တွေသို့ပြန်လာပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံသွားမည်ဟု သိရသည်။
မစ္စတာယိုဟေးဆာဆာကာဝါနှင့်အဖွဲ့သည် ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရန်ကုန်မှ စစ်တွေသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့သော်လည်း သတင်းမီဒီယာများ ဝင်ရောက် သတင်း မှတ်တမ်းရိုက်ယူခွင့် ကန့်သတ်ပိတ်ပင်ခံခဲ့ရသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ဆက်သွယ်မေးမြန်းရာ မစ္စတာ ဆာဆာကာဝါနှင့်အဖွဲ့ စစ်တွေသို့ ရောက်ရှိလာခြင်းကို သူမသိသေးဟု ပြောဆိုသည်။
“သူ ရောက်/မရောက်တော့ ကျနော်လည်း မသိသေးဘူး။ ဒါပေမယ့် အစည်းအဝေးတစ်ခုတော့ရှိတယ်လို့ ပြောတယ်။ ဘယ်အချိန်လဲ မသိသေးဘူး”ဟု နိရဉ္စရာသို့ ပြောသည်။
မစ္စတာယိုဟေးဆာဆာကာဝါနှင့်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းတွင် စစ်တွေရှိနိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်များတွေ့ဆုံးပြီးနောက် ညနေ ၃ နာရီတွင် သတင်းမီဒီယာများနှင့် စစ်တွေဟိုတယ်၌ တွေ့ဆုံရန်ရှိသည်ဟုလည်း သိရသည်။
မစ္စတာယိုဟေးဆာဆာကာဝါသည် လက်ရှိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေမှုကို လျော့ကျသွားအောင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Ichiro Maruyama က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မီဒီယာများကိုပြောဆိုထားသည်။
----------------------------------
Unicode -
https://burmese.narinjara.com/.../5fc1cfc73f8935047dbb787...
https://www.facebook.com/narinjara.info/posts/3828314250513957
No comments:
Post a Comment