ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ လုံးဝရပ်စဲသွားရေးကို ဦးတည်ကာ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)နှင့်ဆွေးနွေးမှုများပြုလုပ်နေပြီး တိုးတက်မှုများရရှိနေသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ဆွေးနွေးပွဲတွင် အဓိကအားဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအပစ်အခတ်ရပ်စဲသွားရေးကို ဦးတည် ဆွေးနွေးနေခြင်းဖြစ်ပြီးဆွေးနွေးပွဲ၏ဖြစ်ပေါ်တိုးတက်မှုအသေးစိတ်ကို ၎င်းအနေဖြင့် မသိသေး သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများရပ်စဲသွားခြင်းမှာဆွေးနွေးပွဲ၏ သက်ရောက်မှုဖြစ်သည်ဟု ဆိုသည်။
''တိုက်ပွဲတွေရပ်တန့်နေတာကတော့ ဆွေးနွေးမှုကြောင့်ရော၊နှစ်ဘက်တပ်တွေရဲ့ စောင့်ထိန်းမှုကြောင့်ရော နှစ်ခုစလုံးပါဝင်ပါတယ်။ဆွေးနွေးတဲ့အခါစောင့်စည်းမှုရှိမှ ထိရောက်မှာပေါ့။ စောင့်စည်းမှုမရှိရင်စားပွဲဝိုင်းပေါ်ထိုင်နေတာပဲ အဖတ်တင်မယ်၊ ကျွန်တော်တို့ ထပ်တိုက်တွန်းချင်တာကတော့ ဒီအခြေအနေကနေပြီးတော့ ယုံကြည်မှုတည်ဆောက်ပြီးနှစ်ဘက်စလုံးက လိုက်နာစောင့်စည်းဖြစ်ပေါ်တိုးတက်လာတဲ့အပေါ်မှာ စဉ်ဆက်မပြတ် ဆွေးနွေးပြီးငြိမ်းချမ်းရေးပိုမိုတိုး တက်လာဖို့ပါ''ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာတိုင်းမ်သို့ ပြောသည်။
၂ဝ၁၈ ခုနှစ် နိုဝင်ဘာလနောက်ပိုင်းတွင် စတင်ပြင်းထန်ခဲ့သောရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ စစ်ပွဲများသည် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၉ ရက်နေ့၊ တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဖွဲ့စည်းပြီးနောက် သိသိသာသာ တိတ်ဆိတ်သွားခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုအတွေ့အကြုံရှိသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို အမြဲတမ်းကော်မတီအဖြစ် အသွင်းပြောင်းဖွဲ့စည်းခဲ့ကာထိုကော်မတီ က ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ဆွေးနွေးညှိနှိုင်းမှုများပြု လုပ်သွားရန် ရည်ရွယ်ထားသည် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။
အဆိုပါကော်မတီကိုဖွဲ့စည်းပြီးနောက် တပ်မတော်နှင့် AA အကြားကြားခံအဖွဲ့အစည်းသို့မဟုတ် လူပုဂ္ဂိုလ်များကတစ်ဆင့် စေ့စပ် ဆွေးနွေးညှိနှိုင်းမှုများ ထိထိရောက်ရောက်စတင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း ယုံကြည်မှုတည်ဆောက်ရေးအတွက် တပ်မတော်နှင့်တိုက်ပွဲမဖြစ်ပွားအောင်၎င်းတို့၏ တပ်များကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေသည်ဟုပြောဆိုထားသည်။
https://myanmar.mmtimes.com/news/147391.html
No comments:
Post a Comment