ကျောက်မဲမြို့နယ် ခန့်ခဲအုပ်စုအတွင်း မြန်မာ့တပ်မတော်နှင့် RCSS တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၇၀၀ကျော် ထွက်ပြေးတိမ်းရှောင်
ကျောက်မဲ ၊ မားနဂါး ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ခန့်ခဲအုပ်စုနှင့် ပုံဝိုးအုပ်စုကြား အောက်တိုဘာလ ၃ရက်နေ့နဲ့ ၄ရက်နေ့ မှာ မြန်မာတပ်မတော်နဲ့ RCSS / SSA တပ်ဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်စဉ် ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၇၀၀ကျော် ခန့်ခဲကျေးရွာအုပ်စုအနီးက တောင်ထိပ်ကျေးရွာအုပ်စု ဘုန်းကြီးကျောင်းကို ထွက်ပြေးတိမ်းရှောင် ခိုလှုံ နေရတယ်လို့ ကိုယ်တွေ့ကြုံတွေ့နေရသူ ပုံဝိုးကျေးရွာသားတစ်ဦးဖြစ်တဲ့ စိုင်းတိုးမြတ်က မားနဂါးကို ပြောပါ တယ်။
တိုက်ပွဲဖြစ်ပွားချိန်မှာ ခန့်ခဲကျေးရွာနဲ့ ပုံဝိုးကျေးရွာသူရွာသားတွေတချို့က တောင်ယာတွေမှာ အလုပ်လုပ်နေတဲ့ အတွက် လူသူမရှိတဲ့ ကျေးရွာအတွင်းက နေအိမ်တွေကို မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်တွေက တံခါးဖျက်ပြီး နေ အိမ်အတွင်းက ပစ္စည်းတွေကို ဝင်ရောက်ယူဆောင်တာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ ထွက်မပြေးခင် မြင်တွေ့ ခဲ့တဲ့ ရွာသားတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
တောင်ထိပ်ကျေးရွာအုပ်စု ဘုန်းကြီးကျောင်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ခန့်ခဲကျေးရွာသူရွာသားတွေနဲ့ ပုံဝိုး ကျေးရွာသူ ရွာသားစုစုပေါင်း ၇၀၀ကျော် ရှိနေတဲ့အတွက် သူတို့ရဲ့ စားဝတ်နေရေး အခက်အခဲ တစ်စုံတစ်ရာ ပြေလည်နိုင်ဖို့အရေး ကျောက်မဲမြို့နယ် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းက သွားရောက်တွေ့ဆုံပြီး ကူညီပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၇၀၀ကျော်ကို သွားရောက်တွေ့ဆုံ ကူညီမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ ကျောက်မဲမြို့နယ် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းက ဦးစိုင်းနေအောင်နဲ့ တွေ့ဆုံမေးမြန်းခဲ့ရာမှာ တော့ မားနဂါးကို အခုလို ပြောပါတယ်။
“ မနက်ပိုင်း ၆နာရီလောက်မှာ တိုက်ပွဲစဖြစ်တာ။ ဒေသခံ ၇၀၀ကျော်လောက် တိုက်ပွဲရှောင်နေရတယ်လို့ သိရတော့ ကျနော်တို့ ကားနဲ့ သွားလိုက်တာ ၁၀နာရီလောက်မှ ပုံဝိုးကျေးရွာဘက်ရောက်တယ် တောင်ထိပ် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်လို့ သိရလို့ အဆင်သင့်ယူလာတဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီခဲ့ပါ တယ် ”
ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်တုန်းကလည်း အဆိုပါ ဒေသအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။ အခုကတော့ ဒုတိယအကြိမ် ဒေသခံတွေနေထိုင်တဲ့ ကျေးရွာအုပ်စု အနီး တိုက်ပွဲဖြစ်ပွားမှုနဲ့အတူ ကျေးရွာအတွင်း မြန်မာ့တပ်မတော်က ဝင်ရောက်ပြီး အိမ်ပိုင်ရှင် အလုပ်သွားလို့ တံခါးပိတ်ထားတဲ့ အိမ်တွေကို ဝင်ရောက်ဖျက်စီး ပစ္စည်းတွေယူဆောင်တာတွေ လုပ်ဆောင်ခဲ့တာ တွေရှိခဲ့ပြီး ဒေသခံတွေအနေနဲ့ ကြောက်လန့်တဲ့အတွက် လွတ်ကင်းမယ်ထင်တဲ့ တောင်ထိပ် ကျေးရွာအုပ်စုဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/3887211424641387?__xts__%5B0%5D=68.ARAYnJVH3nDyHrrcuxz5p63jVOg7TMklut8osTI462f5cdX11vVhGZiRSXRFL4AknobATBY8vab6LzLHR7mKbNeiepy2DXTdCQlH9kdMm38pE4GrSzMoDaI6KFKPzqGBGB8wVad3vFZ6JiC_2Zl3_FzPPcM6ybNh9NS1Ugn8mKAypOTIpYtQfB7c945w4s_lxaxgQkr7gdR81nAWhlJ0Kcm-X2iwbprbiDn6fmTKWSYYIK5xB6NsWWO6Jz3-iWM-KCSQdWARUIZWQPPlfiv8RX1JQoLn3kdCxds_TmJaE6VqFpm8CAXgijWHdZywdMeCut8ogp_MdlWArnajjok9PJLSNg&__tn__=-R
No comments:
Post a Comment