ကျောက်မဲမှာ တပ်မတော်နဲ့ RCSS စစ်ရေးတင်းမာ၊ ကျေးရွာခံအချို့ပိတ်မိနေ
မိုင်းအနိုင်၊ ရွှေဖီမြေ
အောက်တိုဘာ ၄ ရက်၊ ကျောက်မဲ
စက်တင်ဘာ ၃ဝ ရက်ကစတင်ပြီးတော့ ကျောက်မဲမြို့နယ်ထဲက ပုံဝိုး၊ ပန်လော့၊ နမ့်ဝါနဲ့ မော်အောက် ကျေးရွာအနီးတစ်ဝိုက်မှာ တပ်မတော်နဲ့ RCSS တို့အကြား မနေ့ အောက်တိုဘာလ ၃ ရက်အထိ စစ်ရေးတင်းမာနေတာကြောင့် ကျေးရွာခံအချို့ ထွက်ပြေးတိမ်းရှောင်နေရသလို ရွာခံအချို့လည်း ပိတ်မိနေပါတယ်။
မနေ့ အောက်တိုဘာလ ၃ ရက် မနက်ပိုင်း ၆ နာရီကနေ ၇ နာရီအထိ ပုံဝိုးကျေးရွာနဲ့ ၁ မိုင်အကွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းဌေးက ရွှေဖီမြေကို ပြောပါတယ်။
“ဖြစ်တာက ကြိုကြားကြိုကြားပစ်ကြတာ။ ရွာရဲ့အရှေ့ဘက်လောက်ဖြစ်မယ်။ ပြေးတာကတော့ ကျွန်တော်တို့ ဒီအောက်ဘက်ကရွာတွေ မပြေးဘူး။ တိုက်ပွဲက အပေါ်ဘက်ကို ဦးတည်တာဆိုတော့ အပေါ်ပိုင်းဘက်က ရွာတွေတော့ ဘုန်းကြီးကျောင်းတွေမှာ စုနေရတယ်လို့တော့ ကြားတယ်။ ဖုန်းလိုင်းကမရတော့ အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။
စက်တင်ဘာ ၃ဝ ရက်က စတင်ပြီးတော့ ကျောက်မဲအနီးနားရှိ ကျွဲကုန်းကျေးရွာကနေ ဟဲဟွေရွာဘက် တိုက်ပွဲအနည်းငယ် ဖြစ်ပွားခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
တပ်မတော်ဘက်က စတင်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ကျောက်မဲမြို့နယ် အမှတ်(၁)ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ရွှေဖီမြေကို ပြောပါတယ်။
“ဖြစ်တာက စက်တင်ဘာ ၃၀ ရက်ကနေ စပြီးတော့ ထိုးစစ်ဝင်လာတယ်။ ထိုးစစ်ကိစ္စ၊ ဘာကိစ္စ ကိုယ်လည်း မသိဘူးပေါ့နော်။ တိုက်ပွဲကတော့ အပြင်းအထန်တော့ မဟုတ်ပါဘူး။ ကြိုကြားကြိုကြားပါပဲ။ လူထုကို အန္တရာယ်မပြုနိုင်ဘူးဆိုရင် ကိုယ့်ဘက်ကလည်း ပြောစရာအကြောင်းမရှိဘူး” လို့ ဆိုပါတယ်။
လက်ရှိ တပ်မတော်နဲ့ RCSS တို့ စစ်ရေးတင်းမာနေတဲ့ အနီးအနားတစ်ဝိုက်မှာ ကျေးရွာ ၆ ရွာဝန်းကျင်ရှိနေပြီး အဲဒီရွာတွေနဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
“တပ်မတော်ဘက်ကတော့ ရွေးကောက်ပွဲကာလ နယ်မြေရှင်းလင်းလုပ်တယ်လို့တော့ ကျွန်တော့်ကိုပြောတယ်။ သူတို့က စစ်ကြောင်း သုံးကြောင်းနဲ့ ဝင်လာတာ” လို့ ပုံဝိုးကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းဌေးက ဆက်ပြောပါတယ်။
တပ်မတော်နဲ့ RCSS တို့အကြားက တိုက်ပွဲကြောင့် ဒေသခံ (၅ဝ)နီးပါးဟာ ဟဲကွီးကျေးရွာဘက်ကို တိမ်းရှောင်နေရပါတယ်။
တပ်မတော်ဘက်က တစ်ဖက်သတ် တိုက်ပွဲဖန်တီးပြီး ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတာဖြစ်တယ်လို့ RCSS ဘက်က သတင်းထုတ်ပြန်ထားပေမဲ့ တပ်မတော်ဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
#တိုက်ပွဲဖြစ် #ဒေသခံတိမ်းရှောင် #တပ်မတော် #RCSS #ကျောက်မဲ
#ဓာတ်ပုံ- မိုင်းအတ္တ၊ ရွှေဖီမြေ, Google
https://www.facebook.com/451214215694715/posts/803011253848341/
https://www.facebook.com/shwepheemyaynews/posts/803011253848341
No comments:
Post a Comment