ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း၌ အောက်တိုဘာ ၂၈ ရက်တွင် လက်နက်ဖြင့် ပစ်ခတ် ခံရမှုကြောင့် မီးလောင်ပျက်စီးခဲ့သော စက်လှေမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) ၏ စက်လှေ မဟုတ်ဘဲ AA အဖွဲ့ စီးနင်းလာသော စက်လှေသာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က အောက်တိုဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
လူမှုကွန်ရက် စာမျက်နှာအချို့က အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း ကံပြင်ကျေးရွာအနီးတွင် ICRC ရိက္ခာထောက်ပံ့ရေး ရေယာဉ် တစ်စီးအား တပ်မတော်က ပစ်ခတ်သဖြင့် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းများ ထုတ်ဝေခဲ့သည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဖြစ်စဉ်မှာ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း အုပ်ချုပ်မှု ကိစ္စရပ်များ ဆောင်ရွက်နေသည့် တပ်မတော် စစ်ရေယာဉ် သုံးစီးသည် အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် အောင်ဇေယျကျေးရွာမှ ရသေ့တောင်မြို့သို့ ခုတ်မောင်းလာစဉ် အောင်ဇေယျကျေးရွာ၏ တောင်ဘက်မီတာ ၂ဝဝဝ ခန့်အကွာရှိ မင်းကျွန်းအနီးသို့အရောက် အနောက်ဘက်ကမ်းမှ အရှိန်ဖြင့် မောင်းနှင်လာသော အလျားပေ ၄၀၊ အနံ ၁၇ ပေခန့်ရှိ စက်လှေပေါ်မှ AA အဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော် စစ်ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ AA အဖွဲ့ဝင်များ စီးနင်းလာသည့် စက်လှေမှာ မီးစွဲလောင်၍ မေယုမြစ်အတွင်း မျောပါသွားခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ICRC မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါ စက်လှေသည် ICRC စက်လှေ မဟုတ်ကြောင်း သိရှိရသည်ဟုလည်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ထို့ပြင် ICRC အနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရန်ရှိပါက သက်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီများသို့ ကြိုတင်အသိပေး ညှိနှိုင်းပြီးမှသာ ပို့ဆောင်ပေးလျက်ရှိကြောင်း၊ လုံခြုံရေး အဖွဲ့များကလည်း လိုအပ်သည်များ ကူညီပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ICRC ရိက္ခာထောက်ပံ့ရေး ရေယာဉ် ပစ်ခတ်ခံရသည်ဆိုသည့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်မှာ သတင်းမှားသာ ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ယင်းဖြစ်စဉ်တွင် လက်နက်ကိုင်ပဋိပက္ခဒဏ် ခံရသည့် အရပ်သားများကို အကူအညီ ပေးနေသည့် ICRC က ဆောင်ရွက်နေသော လုပ်ငန်းတစ်စိတ်တစ်ပိုင်း အနေဖြင့် စစ်တွေမှ ရသေ့တောင်သို့ ICRC ၏ အကူအညီများကို သယ်ယူပို့ဆောင်ပေးသည့် အငှားမော်တော်ရေယာဉ်တစ်စင်း ပါဝင်ကြောင်း ICRC က သတင်းထုတ်ပြန်ကာ အတည်ပြုသည်။
ထိုဖြစ်စဉ်တွင် ပါဝင်သည့် ရေယာဉ်ပေါ်တွင် ICRC ဝန်ထမ်း မပါသည့်အပြင် ဖြစ်စဉ်၏ အနီးတစ်ဝိုက်တွင်လည်း ရှိမနေကြောင်း၊ ICRC ၏ အဓိက စိုးရိမ်မှုမှာ ယင်းဖြစ်စဉ်တွင် ဒဏ်ရာရရှိသွားသော စက်လှေဝန်ထမ်းများ ဆေးကုသနိုင်ရေးအတွက် အကူအညီများ အချိန်မီ ရရှိရေးဖြစ်ကြောင်း ICRC က သတင်းထုတ်ပြန်သည်။
ICRC အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆက်သွယ်ကာ အခြေအနေကို ဆက်လက်လေ့လာ သုံးသပ်နေပြီး ယခုအချိန်တွင် စစ်တွေမှ ICRC ကွင်းဆင်းလုပ်ငန်း ခရီးစဉ်များနှင့် ရသေ့တောင်မြို့တွင် ယင်းလုပ်ငန်းများကို သတင်းတစ်စုံတစ်ရာ မထုတ်ပြန်သေးသည့် အချိန်အထိ ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ICRC သတင်းထုတ်ပြန်ခဲ့သည်။
https://news-eleven.com/article/196591
No comments:
Post a Comment