Friday, October 30, 2020

အထွေထွေရွေးကောက်ပွဲအတွက် အပစ်အခတ်ရပ်စဲရေး တပ်မတော် ကြေညာ

 လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုရှိစေရေးကို အထောက်အကူပြုနိုင်ရန် အကြမ်းဖက်အဖွဲ့အစည်းများလှုပ်ရှားနေသည့်ဒေသများမှအပကျန်ဒေသအားလုံးကို အပစ်အခတ် ရပ်စဲရေး ကြေညာကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အောက်တိုဘာ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်၏ အပစ်အခတ်ရပ်စဲရေးကြေညာချက်သည် မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတစေရေးအပြင် COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့ကိုရည်ရွယ် သည်ဟု ဆိုသည်။

COVID- 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်လည်းကောင်း၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးတွင်လည်းကောင်း နိုင်ငံတော်နှင့် အမျိုးသားအကျိုးစီးပွားအတွက် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်ဟု တပ်မတော်က ဆိုသည်။

အခြားတစ်ဖက်တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အထွေထွေရွေး ကောက်ပွဲနီးကပ်လာချိန်၌ ၎င်း၏ တိုင်းစစ်ဌာနချုပ် ခရီးစဉ်များ၌ တပ်မတော်သားများ၊ တပ်မတော်သား မိသားစုဝင်များနှင့် တွေ့ဆုံကာ ၂၀၁၀ မှ ၂၀၁၅ အထိအုပ်ချုပ်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရနှင့် ၂၀၁၅ မှ ၂၀၂၀ အထိအုပ်ချုပ် လျက်ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအစိုးရတို့အကြား နှိုင်းယှဉ်ကာ တိုင်းပြည်အတွက်ပို ကောင်းအောင်လုပ်ပေးနိုင်သည့် သူကို အစိုးရအဖြစ် ရွေးချယ်ကြရန် တိုက်တွန်းလျက်ရှိသည်။

အပစ်အခတ်ရပ်စဲရေးကြေညာချက်ကို တပ်မတော်က မေလ ၁၀ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ တစ်ကြိမ်၊ သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ တစ်ကြိမ် နှင့် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိတစ်ကြိမ် နှင့် စတုတ္ထအကြိမ်မြောက်အဖြစ် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ သက်တမ်းတိုး ခြင်းဖြစ်သည်။

ထိုကာလအတွင်း အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားသည့် ဒေသများမှ အပ ကျန်ဒေသအားလုံးတွင် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်ဆိုင်းထားမည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

အစိုးရက AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်၂၀၂၀ခုနှစ် မတ် ၂၃ ရက်တွင် ကြေညာခဲ့ရာ တပ်မတော်၏အပစ်အခတ်ရပ်စဲရေးသည် AA လှုပ်ရှားမှုရှိသည့် ချင်းပြည်နယ် ပလက်၀ မြို့နယ် နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့၌ သက်ရောက်မည်မဟုတ်ကြောင်းသိရသည်။


https://myanmar.mmtimes.com/news/145861.html

No comments:

Post a Comment