Friday, October 30, 2020

ဖြတ်သန်းလာခဲ့သည့် အစိုးရသက်တမ်းနှစ်ဆက် ကာလအတွင်း ကြုံတွေ့ခဲ့ရသည်များကို သင်ခန်းစာ ရယူကာ ချိန်ထိုးစဉ်းစား ရွေးချယ်စေလိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

 မကြာမီ ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ဖြတ်သန်းလာခဲ့သည့် အစိုးရသက်တမ်း နှစ်ဆက်ကာလအတွင်း တွေ့ကြုံခဲ့ရသည်များကို သင်ခန်းစာယူကာ ချိန်ထိုးစဉ်းစားရွေးချယ်ကြစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်း တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရွှေဘိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာ စကား ပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၂၆ ရက်တွင် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့များရှိ တပ်မတော်အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံအမှာစကား ပြောကြားရာတွင်လည်း ထိုသို့ ပြောကြားခဲ့ပြီး ယခုအခါ ထပ်မံပြောကြားခြင်းဖြစ်သည်။

နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံ တိုးတက်ရေး တည်ဆောက်လျက်ရှိသည့်အတွက် မိမိဒေသနှင့် နိုင်ငံကို ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ပေးနိုင်မည့်သူ၊ နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ပြီး မှန်မှန်ကန်ကန် ဖြင့် ဦးစီးဦးဆောင်နိုင်သူများကို ဆင်ခြင်တုံတရားဖြင့် ရွေးချယ်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျှောက်လှမ်းနေပြီဖြစ်ပြီး ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင် စည်းကမ်းစနစ်တကျဖြင့် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကာ ပညာတတ်များလည်း ပေါကြွယ်ဝရန် အရေးကြီးကြောင်း၊ အသိပညာမြင့်မားမှသာလျှင့် ဆင်ခြင်တုံတရားဖြင့် ထိန်းသိမ်းဆောင်ရွက် နိုင်မည်ဖြစ်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနစ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် ဒီမိုကရေစီစနစ်တွင် အခွင့်အရေးကို အကြမ်းဖက်သည့်နည်းလမ်းဖြင့် တောင်းဆို၍ ရနိုင်မည် မဟုတ် ကြောင်း ၊ နည်းလမ်းစနစ်တကျဖြင့် တောင်းဆိုရမည်ဖြစ်ကာ တရားဥပဒေ စိုးမိုးမှုကို ထိပါးစေသည့် အပြုအမူ များအား ရှောင်ရှားရမည်ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရွှေဘိုမြို့ခရီးစဉ်တွင် ရွှေဘိုမြို့ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဝန်းရံထောက်ခံသူများက NLD ပါတီ၏ ဒေါက်ဖိနပ်လျှောက်သံ အောင်နိုင်ရေး သီချင်းအား ဖွင့်လှစ်၍ ပါတီအလံများ ဝှေ့ယမ်းကာ အင်အားပြခဲ့ကြသည်။


https://news-eleven.com/article/196682

No comments:

Post a Comment