Thursday, October 1, 2020

မင်းပြားရာမောင်တံတားအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး သည်ကံရွာထဲလက်နက်ကြီးကျ၍ အမျိုးသမီးတစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့

 မင်းပြားရာမောင်တံတားအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး သည်ကံရွာထဲလက်နက်ကြီးကျ၍ အမျိုးသမီးတစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့

ထွန်းခိုင်(တောင်ရင်းကျွန်း)

နိရဉ္စရာ၊ အောက်တိုဘာ ၂ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် အောက်တိုဘာ ၁ ရက် ယမန်နေ့ညနေ ၆ နာရီအချိန်ခန့်က မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲမှ လက်နက်ကြီး ကျည်တစ်လုံး သည်ကံကျေးရွာထဲ ပေါက်ကွဲခဲ့၍ အမျိုးသမီးတစ်ဦးတွင် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ မင်းပြားမြို့နယ်၊ သည်ကံကျေးရွာမှ ဒေါ်သိန်းနုစိန် အသက် ၅၃ နှစ်ဖြစ်သည်။

ကျည်စမှာ သူမ၏ ဘယ်ဖက်ခြေထောက် ခြေဖမိုးတွင် အနည်းငယ်ရရှိသွားခဲ့ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုအမ်းသားကြီးက ပြောသည်။

“တိုက်ပွဲကတော့ နာရီခွဲလောက်ဖြစ်ခဲ့တယ်။ လက်နက်ကြီးကျည်တစ်လုံးက ရွာထဲက အုန်းပင်တစ်ပင်မှာ လာထိပြီး ပေါက်ကွဲသွားတဲ့အတွက် အမျိုးသမီးကြီးတစ်ဦးရဲ့ ခြေထောက်မှာ ဒဏ်ရာအနည်းငယ်ရရှိသွားတယ်။ အိမ်နှစ်ဆောင်မှာလည်း ခေါင်မိုးတွေ ပေါက်သွားတယ်လို့ ရွာသားတွေက ပြောတယ်” ဟု ကိုအမ်းသားကြီးက ပြောသည်။

၎င်းအမျိုးသမီး၏ ဒဏ်ရာမှာ မစိုးရိမ်ရသည့်အတွက် မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း သိရှိရသည်။

သည်ကံကျေးရွာမှာ ယခုတိုက်ပွဲဖြစ်သည့်နေရာနှင့် လေးမြို့မြစ် တစ်ဖက်တစ်ကမ်းတွင် တည်ရှိပြီး မိုင်ဝက်ခန့် ကွာဝေးကြောင်း သိရှိရသည်။

မင်းပြားမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ ညက တိုက်ပွဲဖြစ်ပွားနေချိန်တွင် သည်ကံရွာဖက်ကို လက်နက်ကြီးတစ်လုံးလာကျတယ်။ လက်နက်ကြီးက အုန်းပင်မှာကျတယ်။ အုန်းပင်မှာကျပြီး ပေါက်ကွဲသွားတဲ့အတွက်  အမျိုးသမီးတစ်ဦး ခြေထောက်မှာ ဒဏ်ရာအနည်းငယ် ရရှိသွားတယ်” ဟုပြောသည်။

သည်ကံကျေးရွာအုပ်ချုပ်ရေးမှူးက ယမန်နေ့ ညနေက တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ယနေ့တွင် တစ်စုံတစ်ရာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ငြိမ်သက်နေကြောင်း ပြောကြားသည်။

အဆိုပါသည်ကံကျေးရွာမှာ အိမ်ခြေ ၂ဝဝ ခန့်ရှိပြီး လူဦးရေ ၈ဝဝ ခန့်ရှိကြောင်း သိရှိရသည်။

-------------------------------------

Unicode -



နိရဉ်စရာ၊ အောကျတိုဘာ ၂ / ၂ဝ၂ဝ










https://burmese.narinjara.com/.../5f76f5e652e60167cbc949b3



https://www.facebook.com/narinjara.info/posts/3659210217424362

No comments:

Post a Comment