Wednesday, October 28, 2020

မင်းပြားမြို့နယ် စက္ကရေရွာမှ အသက် ၁ဝ ကျော်အရွယ် မိန်းခလေးနှစ်ဦးအပါအဝင် ၃ ဦး ကျည်ထိမှန် ဒဏ်ရာရ

 မင်းပြားမြို့နယ် စက္ကရေရွာမှ အသက် ၁ဝ ကျော်အရွယ် မိန်းခလေးနှစ်ဦးအပါအဝင် ၃ ဦး ကျည်ထိမှန် ဒဏ်ရာရ

ခိုင်လူလှ (ရိုးမမြေ)

နိရဉ္စရာ၊ အောက်တိုဘာ ၂၉/၂ဝ၂ဝ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ စက္ကရေကျေးရွာထဲကို ယနေ့နံနက်က လက်နက်ကြီး လက်နက်ငယ်များ ထိမှန်၍ ဆယ်ကျော်သက် အရွယ် မိန်းကလေးနှစ်ဦး အပါအဝင် ရွာသား သုံးဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရသွားသူ ၃ ဦးမှာ မသန်းသန်းစိုး (၁၄)နှစ်၊ မဌေးဌေးဝေ (၁၃) နှစ်နှင့် ဦးအောင်ကျော်နု (၆ဝ) နှစ်အရွယ်တို့ ဖြစ်ကြသည်။

ကျေးရွာသားတစ်ဦးဖြစ်သူ ဦးအောင်တင်ဝင်းက “ ဘယ်လိုဖြစ်မလဲဆရာရယ်။ ဒီနေ့ မနက် ၈ နာရီကျော်က စစ်တွေဘက်က မင်းပြားဘက်ကို တက်လာတဲ့ ရေတပ်နေဗီက ပစ်တာ။ ရွာသားတွေက ကြောက်ပြီး အိမ်အောက်မှာ ဝပ်နေကြတုန်းလာထိတာပါ။ ကျွန်တော်တို့ရွာက စစ်တွေ- မင်းပြား ရေလမ်းကြောင်း ဘေးမှာတည်ရှိပါတယ်။ ဗလိပေါက်မြစ်ကနေ ပစ်သွားတာပါ” ဟု ပြောသည်။

ဒဏ်ရာရသူ ၃ ဦးတွင် နှစ်ဦးဒဏ်ရာပြင်းထန်ပြီး လက်ရှိ ပေါက်တောဆေးရုံသို့ ယူဆောင်သွားကြောင်း ပြောဆိုသည်။

“ မသန်းသန်းစိုးမှာ တင်ပါးထိပါတယ်။ ဦးအောင်ကျော်နုက လည်ပင်းထိပါတယ်။ သူတို့နှစ်ယောက် ဒဏ်ရာပြင်းပါတယ်။ မဌေးဌေးဝေမှာတော့ လက်ကို လာထိပါတယ်။ အခု ပေါက်တောဆေးရုံကို ယူဆောင်သွားကြပါတယ်” ဟု ဆက်ပြောသည်။

စက္ကရေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ညွှန့်ချေကလည်း ဖြစ်စဉ်ကို အတည်ပြုပြီး ဒဏ်ရာသူ ၃ ဦးကို ပေါက်တောမြို့နယ် ဆေးရုံသို့ ယူဆောင်သွားကြောင်း ပြောဆိုသည်။

“ သူတို့က ရွာတွေကို ပစ်ပြီးတက်သွားတာမှာ ထိတာပါ။ နေဗီက ပစ်ပါတယ်။ ရွာသားသုံးဦးက  တင်ပါးကို ထိပါတယ်။ လက်မောင်း၊ လည်ပင်းထိတာတွေရှိပါတယ်။ အခု ဒဏ်ရာရတဲ့သူတွေကို ပေါက်တောဆေးရုံကို ယူသွားပါတယ်။ လက်နက်ကြီးကျည်တစ်လုံးလည်း မပေါက်ကွဲဘဲ မောင်ဘသောင်း အိမ်နားကျလို့ ရှိပါတယ်။ မဲအောင်ချေအိမ်မှာလည်း တစ်လုံးကျပါတယ်။ အခန်းက အားလုံးပြိုထွက်သွားပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

စက္ကရေရွာမှာ အိမ်ခြေ ၁၈ဝ လောက်ရှိပြီး အနည်းဆုံး အိမ် ၆ ဆောင်ကို ကျည်စများထိမှန်ခဲ့ပြီး အပျက်အစီးများရှိကြောင်း ၎င်းက ပြောကြားသည်။

၎င်းပြင် ကျားရဲပြင်ကျေးရွာတွင်လည်း အိမ်အများအပြား ကျည်ဆံများထိမှန်ခဲ့ပြီး ပျက်စီးမှုများ ရှိခဲ့သည်ဟု ရွာသားတစ်ဦးဖြစ်သူက ပြောပါသည်။

“ ပစ်တာက မနက် ၈ နာရီခွဲဖြစ်တာပါ။ လာတာက ဇက်ရေယာဉ် အကြီးနှစ်စီး၊ အငယ်တစ်စီးပါ။ သူတို့ လမ်းတစ်လျှောက်ပစ်သွားတာပါ။ ဘာမှ မဖြစ်ဘဲပစ်တာပါ၊ ကျားရဲပြင်မြစ်ပါ။ ဒီမြစ်က မင်းပြားမြစ်နဲ့ ဆက်နေပါတယ်။ ကျနော်တို့ရွာမှာ ဦးမောင်ညို့အောင်အိမ်၊ ဦးဖိုးသိန်းချေအိမ်တို့ ကျည်ထိပါတယ်။ အများအပြားထိပါတယ်။ ကျွဲနှစ်ကောင်လည်း ကျည်ထိပြီး လဲနေပါတယ်။ အခုစာရင်းကောက်တုန်းပါ” ဟု ကျားရဲပြင် ရွာသား တစ်ဦးက ပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ စက္ကရေရွာမှာ သုံးယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။ ကျားရဲပြင်မှာ ကျွဲနှစ်ကောင်ထိတယ်။ အိမ်တွေလည်း ထိတယ်လို့ ရွာသားတွေ သတင်းပို့လာလို့ သိရပါတယ်။ နေဗီကနေ အရင် အဲဒီအနီးအနားတွေမှာ ပစ်ခတ် ခံထားရတာ ရှိတော့ အခု မင်းပြားကို တက်လာတဲ့အခါ လမ်းကြောင်းရှင်းတဲ့ အနေနဲ့ ပစ်ခတ် တက်လာတယ်လို့ ပြောတယ်။ ဒီနေ့ တိုက်ပွဲ ဖြစ်တာမရှိဘူးလို့ သိရတယ်” ဟု ပြောဆိုသည်။

ကျေးရွာသားများက တပ်မတော်ဇက်ရေယာဉ်ပေါ်က ပစ်ခတ်သည်ဟု ပြောဆိုသဖြင့် ယင်းပြောဆိုချက် အပေါ် တပ်မတော်ဘက်က သဘောထားသိလိုသဖြင့် ယနေ့ နံနက် ၁ဝ နာရီမိနစ် ၂ဝ က တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းသို့ ဖုန်းဆက် သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

-----------------------------

Unicode –



နိရဉ်စရာ၊ အောကျတိုဘာ ၂၉/၂ဝ၂ဝ













https://burmese.narinjara.com/.../5f9a40868d5b5818df39dbe...


https://www.facebook.com/narinjara.info/posts/3739060472772669

No comments:

Post a Comment