တအာင်းတပ်မတော် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဟိုခိုတိုက်ပွဲရှောင်စခန်းက အမျိုးသားတစ်ဦး ၁ လကျော်ကြာတဲ့အထိ ပြန်မလွှတ်လာသေး
လွေးအေးမီး၊ ရွှေဖီမြေ
အောက်တိုဘာ ၂၉ ရက်၊ ကွတ်ခိုင်
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်က တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)ရဲ့ တပ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟိုခိုတိုက်ပွဲရှောင်စခန်းက ဒေသခံတစ်ဦးဟာ ၁ လကျော်ကြာတဲ့အထိ ပြန်မလွှတ်လာသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။
ဟိုခိုတိုက်ပွဲရှောင်စခန်းမှာ နေထိုင်တဲ့ အသက်(၃၅)နှစ်အရွယ်ရှိ ဦးအိုက်မွန်းကို တအာင်းတပ်မတော်ရဲ့ တပ်သားအချို့က စက်တင်ဘာလ ၁၇ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ စခန်းအတွင်းရှိ ၎င်းရဲ့နေအိမ်ကို ရောက်လာပြီး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာဘဲ ဖြစ်ပါတယ်။
ရိုက်နှက်ခံခဲ့ရတဲ့အထဲမှာ ဟိုခိုတိုက်ပွဲရှောင်စခန်းက ဦးအိုက်ဒွတ်လည်း ပါဝင်တယ်လို့ ၎င်းရဲ့ဇနီးဖြစ်သူက ပြောပါတယ်။
“တားနမ့်ခုံး(TNLA တပ်ဖွဲ့)က အိမ်မှာသူတို့တပ်သားတွေ ဘယ်လိုလုပ်သွားတယ်။ လာရောက်မေးမြန်းပြီးတော့ ဓာတ်ပုံတွေ ဘာတွေလည်း ရိုက်သွားတယ်။ အထက်ကိုတင်ပြမယ်။ ပြီးရင် ပြန်အကြောင်းပြန်မယ် ပြောတယ်။ ဒီအချိန်ထိ ဘာပြောသံမှ မကြားရဘူး’’ လို့ မနေ့ အောက်တိုဘာ ၂၈ ရက်က ရွှေဖီမြေကို ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို ဒီနေ့ အောက်တိုဘာ ၂၉ ရက်မှာ ဆက်သွယ်မေးမြန်းခဲ့ရာ ဖမ်းဆီးရိုက်နှက်ခံရမှုနဲ့ ပတ်သက်ပြီး ၎င်းအနေနဲ့ မသိရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိကိစ္စကို အမြန်ဆုံး ဆောင်ရွက်ပေးစေချင်ကြောင်း တိုက်ပွဲရှောင်စခန်းအတွင်း နေထိုင်သူတွေက ပြောပါတယ်။
#တိုက်ပွဲရှောင် #ဖမ်းဆီးခံရ #တအာင်းတပ်မတော် #ကွတ်ခိုင်
#ဓာတ်ပုံ- မိုင်းရူကော၊ ရွှေဖီမြေ (ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာအနီးရှိ ဟိုခိုတိုက်ပွဲရှောင်စခန်း)
https://www.facebook.com/451214215694715/posts/823495261799940/
https://www.facebook.com/shwepheemyaynews/posts/823495261799940
No comments:
Post a Comment