Tuesday, October 27, 2020

ကျည်ထိ လျှပ်စစ်မီးကြိုးပြတ်ရာမှ ဘူးသီးတောင်နှင့်မောင်တောတွင်မီးမရသည်မှာ ၁ဝ ရက်ကြာ

 ကျည်ထိ လျှပ်စစ်မီးကြိုးပြတ်ရာမှ ဘူးသီးတောင်နှင့်မောင်တောတွင်မီးမရသည်မှာ ၁ဝ ရက်ကြာ

အိမ်စိုးဖြူ

နိရဉ္စရာ၊ အောက်တိုဘာ ၂၈/ ၂ဝ၂ဝ

ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံးတွင် တည်ရှိသည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လျှပ်စစ်မီးမရရှိသည်မှာ ၁ဝ ရက်ကြာ ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၈ ရက် နေ့လယ်  ၁၂ နာရီကျော်က ရသေ့တောင်မြို့နယ် ထီးစွဲနှင့် ကျောက်တန်း ကျေးရွာကြားတွင် သွယ်တန်းထားသည် ၆၆ လျှပ်စစ်မီးကြိုးလက်နက်ကြီးကျည်ထိမှန်၍ ပြတ်ကျသွားခဲ့သည်ဟု သိရသည်။  

မောင်တော ၃ မိုင်ရပ်ကွက်မှ ဒေါ်ခင်စောဦးက “ မီးမရတော့ ထမင်းချက်ဖို့၊ ထင်းတို့ မီးသွေးတို့ကအစ ဝယ်သုံးရတယ်။ မီးသွေးဈေးတောင် တစ်အိတ် လေးငါးထောင်ကနေ ၈ ထောင်ဖြစ်သွားတယ်။ ဖုန်းလည်း အားမဖြည့်ရဘူး။ မြို့ထဲက တချို့ဆိုင်တွေမှာ တစ်လုံး ငါးရာပေးပြီးဖြည့်ရတယ်။ အဒေါ်ဆိုရင် အသက် ခြောက်ဆယ်ကျော်ပြီဆိုတော့ မီးမရှိရင် ညညဆိုရင် အိမ်သာတို့နောက်ဖေးတို့ သွားရတာအဆင်မပြေဘူး” ဟုပြောသည်။

လျှပ်စစ်မီးမရရှိသည်မှာ ရက်ကြာလာပြီး ပြုပြင်နိုင်ခြင်းမရှိသေးသဖြင့် ဒေသခံများအနေဖြင့် အခက်အခဲများ ဖြစ်နေကြောင်း ဘူးသီးတောင်မြို့ခံတစ်ဦးဖြစ်သူ ကိုဝင်းနိုင်က နိရဉ္စရာသတင်းဌာနကို ပြောသည်။

“ မီးမရတာ  ရက်ပေါင်းအတော်ကြာလာတော့ လျှပ်စစ်မီးအသုံးပြု လုပ်ကိုင်ရတဲ့ အလုပ်တွေကို ပိတ်ထား ရတယ်။ ဆိုင်တွေ အတော်တော်များများ ပိတ်ထားရတယ်။ မီးမရှိတော့ အခက်ခဲတွေက ပြောစရာတောင် မလိုဘူး။ မီးမရှိရင် ထမင်းချက်ရတာက အစ အခက်အခဲ၊ ဖယောင်းတိုင် ဆီဖိုးတွေကအစ မရှိတဲ့ လူတွေမှာ ဝယ်သုံးရတော့ နစ်နာတာပေါ့။ ကြားတာကတော့ လက်နက်ကြီး ကျည်ကျလို့ မီးကြိုးပြတ်သွားတယ်လို့ ကြားရတယ်”ဟု ပြောသည်။

ဘူးသီးတောင်မြို့နုယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ခင်က မီးပြတ်နေသည်မှာ ၁ဝ ရက်ကြာပြီဖြစ်သော်လည်း နယ်မြေလုံခြုံရေးအရ ခွင့်ပြုချက်မရသဖြင့် သွားရောက် မပြုပြင်နိုင်သေးကြောင်း ပြောသည်။

“ထီးစွဲရွာနဲ့ ကျောက်တန်းကြားမှာ ကြိုးပြတ်ကျတယ်ပြောတယ်။ ကျွန်တော်တို့ ဟိုဟာ ၆၆ ကြိုးပေါ့နော်။ ရသေ့တောင်ကနေထွက်တဲ့ ဘူးသီးတောင်၊ မောင်တောကို ပို့တဲ့ ဓာတ်အားပေးကြိုးပေါ့နော်။ အဲဒီကြိုး ပြတ်တဲ့ အခါ လျှပ်စစ်ဓာတ်အား မရဘူးပေါ့နော်။ ကျွန်တော်တို့ မြို့နှစ်မြို့မရဘူးပေါ့နော်။ ရသေ့တောင်တော့ ရတယ်။ လောလောဆယ်တော့ ပြင်ဖို့ မရှိသေးဘူး။ မရှိသေးဘူးဆိုတာက ဟိုဖက်မှာ လုံခြုံရေးအနေအထားက ဘယ်လိုမှ မကောင်းဘူး။ အဲဒါကြောင့် ကျွန်တော်တို့လည်း မသွားရဲဘူး” ဟုပြောသည်။

၎င်းတို့အနေဖြင့် မြို့ပေါ်များတွင် မီးစက်နှိုး၍ လမ်းမီးများ ပေးထားကြောင်း၊ ဆေးရုံနှင့်အရေးကြီးသည့် ဌာနဆိုင်ရာများအား မီးရရှိအောင် အရေးပေါ်လုပ်ပေးထားပြီး ဒေသခံများအနေဖြင့် သည်းခံပေးစေချင်ကြောင်း ဆက်ပြောသည်။

“ပုဏ္ဏားကျွန်းက ၆၆ လိုင်းပြင်တဲ့အဖွဲ့ဆင်းလာပြီး ကျွန်တော်တို့ကလည်း အဲဒီနေရာရောက်မှ ပြင်လို့ရမှာ။ ပြည်နယ်အစိုးရကလည်း ခွင့်ပြုမှသွားလို့ရမှာ။ အန္တရာယ်ကြီးတော့ စဉ်စားပြီးမှ လွှတ်ကြတာ။ နည်းနည်း လေးတော့ သည်းခံပေးကြပါလို့။ တကယ်တော့ ကျွန်တော်တို့က ဒီနေ့သွားလို့ရရင် ဒီနေ့ လုပ်ပေးချင်တာပါ” ဟုပြောသည်။

၎င်းအပြင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် တိုက်ပွဲကြောင့် လျှပ်စစ်ကြိုးပြတ်ကျသည်မှာ သုံးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပြီး လက်နက်ကြီး ထိမှန်ကာ လျှပ်စစ်မီးတိုင် ပျက်စီးခဲ့သည့်အတွက် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောင် စတဲ့ မြို့နယ် ၃ ခု မှာ ၂ဝ၂ဝ ဧပြီလ ၂ ရက်မှ  ၂၂ ရက်နေ့အထိ ရက် ၂ဝ အကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည်။

သြဂုတ်လ ၂၄ ရက်နေ့ကလည်း အလားတူဖြစ်ပွားခဲ့သည့်အတွက် မောင်တောနှင့် ဘူးသီးတောင်တွင် လေးရက်ကြာမီးပြတ်တောက်ခဲ့သည်။

လျှပ်စစ်မီး ခဏခဏ ပြတ်နေသဖြင့် မောင်တောနှင့် ဘူးသီးတောင်တွင် မီးစက်များ အဝယ်လိုက်နေသည်ဟု သိရသည်။

---------------------------------

Unicode -


အိမျစိုးဖွူ

နိရဉ်စရာ၊ အောကျတိုဘာ ၂၈/ ၂ဝ၂ဝ














https://burmese.narinjara.com/.../5f9963a68d5b5818df39dbe8


https://www.facebook.com/narinjara.info/posts/3737031266308923

No comments:

Post a Comment