မိုင်းကိုင်မြို့နယ်မှာ TNP ပါတီ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် RCSS ထံစာပို့
လွေးပိုးဆငယ်၊ ရွှေဖီမြေ
စက်တင်ဘာ ၁ ရက်၊ မိုင်းကိုင်
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ထဲမှာ တအာင်းအမျိုးသားပါတီ (TNP)အနေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ထံ သြဂုတ်လ ၂၃ ရက်က စာပို့ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်မှာ TNP ပါတီအနေနဲ့ မိုင်းကိုင်မြို့နယ်ထဲမှာ ရွေးကောက်ပွဲ ဝင်ရောက် မယှဉ်ပြိုင်ဖို့အတွက် မိုင်းကိုင်အခြေစိုက် RCSS တပ်ဖွဲ့မှ စိုင်းထွန်းထွန်းက နှစ်ကြိမ်ခေါ်တွေ့ပြီး တားမြစ်ခဲ့ပြီးနောက် ပါတီ ဗဟိုအနေနဲ့ အကြောင်းကြားစာ ပို့ထားပေမယ့် လက်ရှိအချိန်ထိ အကြောင်းပြန်လာတာ မရှိသေးဘူးလို့ ပါတီဝင်တစ်ဦးက ပြောပါတယ်။
“ကျနော်တို့ စာတင်ထားတဲ့ကိစ္စက အခုထိတော့ ဘာမှ အကြောင်းမပြန်သေးဘူး။ ဖြစ်စေချင်တာကတော့ သူတို့ဘက်ကနေ စာနဲ့ပြန်အကြောင်းကြားလာစေချင်တယ်။ ကွင်းဆင်းလို့ရပြီလားပေါ့။ နှစ်ကြိမ်တားမြစ်ထားတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို လှုပ်ရှားရမလဲဆိုတာကို နည်းနည်းတော့ စိုးရိမ်တာပေါ့နော်” ဆိုပြီး ၎င်းက ရွှေဖီမြေကို ပြောပါတယ်။
ရွေးကောက်ပွဲကာလ နီးကပ်လာပြီဖြစ်တဲ့အတွက် TNP ပါတီအနေနဲ့ RCSS တပ်ဖွဲ့ရဲ့ အကြီးအကဲတွေနဲ့ တိုင်ပင်ညှိနှိုင်းလိုတယ်လို့ ဆိုပါတယ်။
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီးတော့ TNP (ဗဟို)အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်က “ဒီနေ့(စက်တင်ဘာ ၁ ရက်)မှာတော့ သူတို့ထိန်းချုပ်နယ်မြေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေ သူတို့ကို အကြောင်းကြားပေးဖို့အတွက် ထုတ်ပြန်ထားတာတွေ့တယ်။ ကျွန်တော်တို့ဘက်ကတော့ ရွေးကောက်ပွဲ ဥပဒေအရတော့ လုပ်ဆောင်နေတာပါ” ဆိုပြီး မနေ့ စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။
RCSS ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးကို မနေ့ စက်တင်ဘာ ၁ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၂၀ မှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
၎င်းတို့တပ်ဖွဲ့ ထိန်းချုပ်နယ်မြေမှာ ဝင်ရောက်ယှဉ်ပြိုင်လိုတဲ့ ပါတီ၊ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အသိပေးအကြောင်းကြားပြီးမှသာလျှင် ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မနေ့ စက်တင်ဘာ ၁ ရက်မှာ RCSS ဘက်က ထုတ်ပြန်ထားပါတယ်။
#ရွေးကောက်ပွဲ #RCSS #မိုင်းကိုင် #TNP
https://www.facebook.com/451214215694715/posts/778012833014850/
https://www.facebook.com/shwepheemyaynews/posts/778012833014850
No comments:
Post a Comment