Monday, September 28, 2020

RCSS တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ TNP ပါတီဝင်တစ်ဦး ပြန်လွတ်လာ

 🟢 RCSS တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ TNP ပါတီဝင်တစ်ဦး ပြန်လွတ်လာ

လွေးနှင်းဖြူ၊ ရွှေဖီမြေ

စက်တင်ဘာ ၂၉ ရက်၊ မိုင်းကိုင်

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တအာင်းအမျိုးသားပါတီ(TNP)ရဲ့ ပါတီဝင်တစ်ဦးဖြစ်သူ ပန်မွမ်းကျေးရွာခံ မိုင်းလှစိန်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တပ်ဖွဲ့က စက်တင်ဘာလ ၂၄ ရက်မှာ ပြန်လွတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

၎င်းဟာ မူးယစ်းဆေးဝါး သုံးစွဲတယ်ဆိုပြီး RCSS တပ်ဖွဲ့က စက်တင်ဘာလ ၁၅ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာဘဲ ဖြစ်ပါတယ်။

မိုင်းကိုင်မြို့နယ် TNP ဥက္ကဌ မိုင်းနုမ်ဟန်က “ဖမ်းသွားတဲ့သူကိုတော့ ၂၄ ရက်က ပြန်လွတ်လာတယ်။ ဖမ်းခံရတဲ့ကာလမှာ ရိုက်နှက်တာတွေ မရှိပါဘူး။ ဒီအတိုင်းပဲ ပြန်လွတ်လာတယ်” လို့ ဒီနေ့မှာ ရွှေဖီမြေကို ပြောပါတယ်။

စက်တင်ဘာလ ပထမအပတ်က ကျေးရွာအဝင်အထွက် လမ်းပိတ်ခံထားရတဲ့ မိုင်းကိုင်မြို့နယ် နောင်စံဖူး၊ ဖာခေါင်နဲ့ ခေးအုံအွေ့အုပ်စုတွေမှာလည်း RCSS တပ်ဖွဲ့က လမ်းပြန်ဖွင့်ပေးလိုက်ပြီလို့ မိုင်းနုမ်ဟန်က ဆိုပါတယ်။

“အခုက ပိတ်ထားတဲ့လမ်း အကုန်ပြန်ဖွင့်ထားပါပြီ။ သူတို့ ၅ ရက်ဘဲ ဖွင့်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ အခုဆို ၅ ရက်တော့ ကျော်သွားပြီ။ စစ်ကြောင်းတွေလည်း အဲမှာမနေတော့ဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။

ကျေးရွာအုပ်စုတွေမှာ RCSS တပ်ဖွဲ့က လမ်းဖွင့်ပေးပေမဲ့လည်း TNP ပါတီအနေနဲ့ မဲဆွယ်စည်းရုံးရေး ဆင်းဖို့အတွက် အခက်အခဲရှိနေဆဲဖြစ်တယ်လို့လည်း မိုင်းနုမ်ဟန်က ပြောပါတယ်။

#ပါတီဝင် #ပြန်လွတ်လာ #RCSS #TNP #မိုင်းကိုင်

#ဓာတ်ပုံ- လွေးပိုးဆငယ်၊ ရွှေဖီမြေ

https://www.facebook.com/451214215694715/posts/799223050893828/


https://www.facebook.com/shwepheemyaynews/?redirect=false

No comments:

Post a Comment