Friday, September 25, 2020

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပပြုလုပ်သော မဟာဗျူဟာမြောက်စစ်ဦးစီးလေ့ကျင့်ခန်း KAVKAZ-2020(Caucasus-2020) သို့ တက်ရောက်

 ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပပြုလုပ်သော မဟာဗျူဟာမြောက်စစ်ဦးစီး လေ့ကျင့်ခန်း KAVKAZ-2020(Caucasus-2020)  သို့တက်ရောက်ရန်အတွက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး

မြထွန်းဦး ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ Sheremetyevo  အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။
 ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဦးဆောင်သော  မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Astrakhan  ဒေသ Kapustin Yar  လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်သော မဟာဗျူဟာမြောက်စစ်ဦးစီးလေ့ကျင့်ခန်း KAVKAZ-2020(Caucasus-2020)သို့ တက်ရောက်ကြသည်။
 မဟာဗျူဟာမြောက်စစ်ဦးစီးလေ့ကျင့်ခန်း KAVKAZ-2020(Caucasus-2020) ကို  တပ်ဖွဲ့ဝင်များ၏ ခေါင်းဆောင်မှုနှင့် စစ်ဘက်ဆိုင်ရာအုပ်ချုပ်မှုအဖွဲ့များအဆင်သင့်ဖြစ်မှုအဆင့်ကို စစ်ဆေးခြင်း၊ တပ်ပေါင်းစုများ၏ အုပ်ချုပ်ကွပ်ကဲမှုဌာနများနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များကို စစ်ဆေးခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့်ဆက်စပ်သော လက်နက်ကိုင်ပဋိပက္ခများကို ဒေသအတွင်းဖြေရှင်းရန် ပူးပေါင်းစစ်ဆင်ရေးအတွက် တိုက်ပွဲဝင်တပ်များ ဖွဲ့စည်းခြင်းများဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန်၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးအတွက် တာဝန်များအားဖြေရှင်းရာ၌ တပ်မတော်ကွပ်ကဲမှုဌာနများနှင့် တပ်ဖွဲ့များအကြား ဟန်ချက်ညီစွာ တာဝန်ထမ်းဆောင်မှုနှင့် အပြန်အလှန်ဆက်သွယ်မှုအဆင့်မြှင့်တင်ရန် ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မဟာဗျူဟာမြောက် စစ်ဦးစီးလေ့ကျင့်ခန်းတွင် သမားရိုးကျစစ်ရေး၊ တန်ပြန် လေကြောင်းတိုက်ခိုက်ခြင်း၊ ကင်းထောက်ခြင်း၊ ရှာဖွေခြင်းနှင့် ခံစစ်လုပ်ငန်းများအတွက် တပ်ဖွဲ့ဝင်များအကြား အပြန်အလှန်ဆက်သွယ်မှုဆိုင်ရာကိစ္စရပ်များအားဖြေရှင်း ဆောင်ရွက်ခြင်း၊ မြေပြင်တပ်ဖွဲ့များ၊ လေကြောင်းနှင့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ စစ်ဆင်ရေးဆင်နွဲခြင်းများကို လေ့ကျင့်ကြသည်။ ထို့ပြင် နိုင်ငံတကာအကြမ်းဖက် အဖွဲ့အစည်းများနှင့် တရားမဝင်လက်နက် ကိုင်ဖွဲ့စည်းမှုများအား တားဆီးပိတ်ဆို့ခြင်းနှင့် စစ်ဆင်ရေးပြုလုပ်ခြင်းများကို စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သည့် တပ်ဖွဲ့ဝင်များက ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ကြသည်။

အဆိုပါ လေ့ကျင့်ခန်းသို့ အာမေးနီးယားနိုင်ငံ၊ ဘီလာရုနိုင်ငံ၊ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့မှ တပ်မတော်သားများ ပါဝင်လေ့ကျင့်ခဲ့ကြကြောင်းနှင့် အာဇာဘိုင်ဂျန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အီရန်နိုင်ငံ၊ ကာစစ်စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများက လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://cincds.gov.mm/node/9156

No comments:

Post a Comment