အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအတွက် အပြန်အလှန်ပူးပေါင်း တုံ့ပြန်ဆောင်ရွက်သွားကြရမည်
အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်းညီညွတ်မှုအား တည်ဆောက်ရာတွင် သတိပြုရမည့်အချက်များရှိပြီး မိမိတို့အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက် ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားကြရမည်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံအချင်းချင်း အပြန်အလှန် ဆက်ဆံရာတွင် ပူးပေါင်းဆောင်ရွက်မှု၊ သဘောထားကွဲလွဲမှု၊ အငြင်းပွားမှုနှင့် ပဋိပက္ခဖြစ်မှု စသည်တို့ ဖြစ်ပေါ်နိုင်ပါကြောင်း၊ သို့ဖြစ်၍ ပေါင်းစည်းညီညွတ်မှုအား တည်ဆောက်ရာတွင် မိမိတို့အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မတူညီကွဲပြားမှုကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်ပါကြောင်း၊ သို့သော်လည်း အာဆီယံ၏ ဆောင်ပုဒ်ဖြစ်သည့် “One Vision, One Identity, One Community” အတိုင်း မိမိတို့၏ မတူကွဲပြားမှုများကို လိုက်လျောညီထွေမှုရှိအောင် ဆောင်ရွက်သွားကြရမည်ပင်ဖြစ်ပါကြောင်း၊ နေ့စဉ်ကြုံတွေ့နေရသော သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအတွက် နိုင်ငံအချင်းချင်း အပြုသဘောဆောင်သော ဆက်ဆံရေးကို တည်ဆောက်၍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ကာ တုံ့ပြန်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၂၄ ရက်တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
(၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (17 th ACDFM)ကို စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် Video Conferencing ဖြင့် ချိတ်ဆက်ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်မှတစ်ဆင့် ပါဝင်တက်ရောက် ဆွေးနွေးစဉ် ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့တက်ရောက်ကြပြီး အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးရာတွင် ယနေ့ကျင်းပပြုလုပ်သည့် (၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးသို့ ပါဝင်တက်ရောက်လာ ကြသူများအားလုံး COVID-19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်ပွားနေသည့် အကြပ်အတည်းကာလတွင် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ ယခုအစည်းအဝေး၏ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သော ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးချုပ်ဖြစ်သူ Senior Lieutenant General Phan Van Giang နှင့်တကွ ဗီယက်နမ်ပြည်သူ့တပ်မတော်မှ တာဝန်ရှိသူများအားလုံးကိုလည်း ယခုကဲ့သို့ (၁၇)ကြိမ်မြောက်အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အစည်းအဝေးကို Virtual Conference အဖြစ် အခက်အခဲများအကြားမှ အောင်မြင်စွာ ဦးဆောင်ကျင်းပနိုင်သည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယနေ့အစည်းအဝေးတွင် မိမိအနေဖြင့် “ပေါင်းစည်းညီညွတ်မှုရှိပြီး လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်သော အာဆီယံအတွက် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း (Military Coorperation for a Cohesive and Responsive ASEAN)” ဟူသည့်ခေါင်းစဉ်အား ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှဒေသသည် လက်ရှိကာလတွင် သမားရိုးကျလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအပြင် အကြမ်းဖက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ အရင်းအမြစ်ရှားပါးလာမှု၊ ကူးစက်ရောဂါပြန့်ပွားမှု၊ သဘာဝဘေးအန္တရာယ်၊ ပုံမှန်မဟုတ်သော ရွှေ့ပြောင်းအလုပ်သမားကိစ္စ၊ အစာရေစာရှားပါးမှု၊ လူမှောင်ခိုကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ သတင်းအချက်အလက်လုံခြုံရေး၊ ပင်လယ်ဓားပြမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကဲ့သို့သော သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများစွာနှင့်လည်း ရင်ဆိုင်ရလျက်ရှိပါကြောင်း။
မိမိတို့ဒေသတွင်း နိုင်ငံများအနေဖြင့် အဆိုပါခြိမ်းခြောက်မှုများကို ပေါင်းစည်းမှုဖြင့် လျင်မြန်စွာတုံ့ပြန်သွားရန်လိုအပ်ပါကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံများအကြား အကြမ်းဖက်ဆိုင်ရာ ဖိအားပေးခြိမ်းခြောက်ခံရမှုများ ပိုမိုကြီးထွားလာသည့်အတွက် အကြမ်းဖက်မှုနှိမ်နင်းရေးဆိုင်ရာ သတင်းများအား အပြန်အလှန်ဖလှယ်သွားနိုင်ရန်လိုအပ်ပါကြောင်း၊ ယနေ့ခေတ်တွင် ရင်ဆိုင်နေရသည့် အကြမ်းဖက်မှုနှင့်ဆက်စပ်သော စိန်ခေါ်မှုများကို လျင်မြန်စွာတုံ့ပြန်နိုင်ရန်အတွက် မိမိတို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ခြင်းအပြင် ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ညီညွတ်စွာဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားရမည်ပင်ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများအကြား ပေါင်းစည်းညီညွတ်မှုများအား တည်ဆောက်နိုင်ရန်အတွက် မိမိတို့ အာဆီယံတပ်မတော်များအနေဖြင့်လည်း ကျရာအခန်းကဏ္ဍများမှ အထူးကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့အာဆီယံတပ်မတော်များအကြား ယုံကြည်မှု တည်ဆောက်ခြင်း၊ သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီဖလှယ်ခြင်း၊ စွမ်းရည်တည်ဆောက်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ခြင်း၊ ချစ်ကြည်ရေးခရီးများ အပြန်အလှန်သွားရောက်လည်ပတ်ခြင်းအားဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဟန်ချက်ညီညီရှိစေရန် ဆောင်ရွက်ရမည်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမျိုးသားလုံခြုံရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ကမ္ဘာတစ်ဝန်းဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်သည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ လုံခြုံရေးပတ်ဝန်းကျင်အပေါ် မူတည်သောကြောင့် အနာဂတ်လုံခြုံရေးပတ်ဝန်းကျင် တည်ငြိမ်ခိုင်မာလာစေရန် စိန်ခေါ်မှုများနှင့် နက်နဲရှုပ်ထွေးမှုများကို တစ်နိုင်ငံတည်း ရင်ဆိုင်ကျော်လွှားရန်မဖြစ်နိုင်ဘဲ အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ကျော်လွှားတုံ့ပြန်နိုင်မည် ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်က ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့အစည်းအနေဖြင့် တပ်မတော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများအတွက် အာဆီယံတပ်မတော်များ၏ ၂ နှစ်တာလုပ်ငန်းစီမံချက် (Two Year Activities Working Plan) ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်အကောင်အထည်ဖော်နိုင်ခြင်းအားဖြင့် အပြန်အလှန် ယုံကြည်မှုများ တည်ဆောက်ရေးနှင့် တစ်စုတစ်စည်းတည်း တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူများစွာရှိနိုင်မည်ဖြစ်ပါကြောင်း၊ အာဆီယံတပ်မတော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများအပြင် အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF)၊ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) နှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့် အပေါင်းနိုင်ငံများအစည်းအဝေး (ADMM-Plus) ကိုလည်း ပြုလုပ်ကျင်းပလျက်ရှိပြီး လူသားချင်းစာနာထောက်ထားမှုနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး(HADR) ၊ စစ်ဘက်ဆိုင်ရာဆေးပညာ (Military Medicine)၊ ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေး (Maritime Security)၊ တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေး (Counter Terrorism)၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ဆင်ရေးဆိုင်ရာကိစ္စ (Peace Keeping Operation)နှင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ မြေမြှုပ်မိုင်းရှင်းလင်းရေး (Humanitarian Mine Actio n) အစရှိသည့်နယ်ပယ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ခြင်းအားဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားသာမက မိတ်ဖက်နိုင်ငံများနှင့်ပါ ညီညွတ်စွာဖြင့် တုံ့ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရှေ့တောင် အာရှဒေသသည် ရေပြင်အကျယ်အဝန်း ဧရိယာပမာဏများပြားလှသည့် အားလျော်စွာ ဒေသတွင်းနိုင်ငံများအကြား စည်းလုံးညီညွတ်မှုရှိစွာဖြင့် ပင်လယ်ရေကြောင်းဝန်းကျင် လုံခြုံရေးသတိရှိမှု (Maritime Domain Awareness)၊ စွမ်းရည်တည်ဆောက်မှုများ၊ သတင်းအချက်အလက် ဖလှယ်ခြင်းများနှင့် ပင်လယ်ပြင် ပူးပေါင်းကင်းလှည့်ခြင်း အစရှိသည့် နည်းလမ်းများဖြင့် စိန်ခေါ်မှုများကို လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်သွားရမည်ပင်ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှဒေသအတွင်း ပူးပေါင်းကင်းလှည့်မှုများနှင့် ကင်းလှည့်မှုဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်းများအား စုပေါင်းပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် ဒေသတွင်းပင်လယ်ရေပြင်များတွင် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောကြားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
http://sdtimedaily.com/2020/09/25/zm17-10/

No comments:
Post a Comment