အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ ယုံကြည်မှုတည်ဆောက်ရန် အရေးကြီး သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် လက်နက်ကိုင်ပြီး ဆွေးနွေးနေသရွေ့ ယုံကြည်မှု တည်ဆောက်ရန်အတွက် မဖြစ်နိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“ကျွန်တော်တို့ ခဏခဏပြောနေတယ်၊ လက်နက်ကိုင်စွဲပြီး ဆွေးနွေးနေသမျှကာလပတ်လုံး ယုံကြည်မှု တည်ဆောက်ဖို့ ဖြစ်နိုင်စရာအကြောင်းမရှိလို့မြင်တယ်။ တစ်ခုခု ပြဿနာဖြစ်လာတဲ့အခါတိုင်းမှာပဲ ဒီလက်နက်ကိုင်ပြီး လက်နက်ကိုင်တဲ့လမ်းစဉ်ကိုပဲ ပြန်လည်ဦးတည်သွားနိုင်တယ်လို့မြင်တယ်” ဟု စက်တင်ဘာလ ၂၆ ရက်နေ့ကပြုလုပ်ခဲ့သည့် Online သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ယင်းအပြင် ယုံကြည်မှုတည်ဆောင်ရန်အတွက် အပစ်အခတ်ရပ်စဲရန်လိုအပ်ပြီး အပစ်အခတ်ရပ်စဲမှသာ ယုံကြည်မှုတည်ဆောက်ခြင်းမှာလည်း အဓိပ္ပာယ်ရှိမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ယုံကြည်မှုကို လုပ်ပိုင်ခွင့်အာဏာရှိသည့် နိုင်ငံတော်အစိုးရမှ တည်ဆောက် ကမ်းလှမ်းရန် လိုအပ်ကြောင်း မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ထောက်ပြသည်။
“အဲဒီလို ကမ်းလှမ်းဖို့အတွက် အခွင့်အရေးဟာ အစိုးရနဲ့တပ်မတော်မှာရှိတာကြောင့် အဲဒီဖက်က စတင်မှသာလျှင် ဒီဖက်ကလည်း အပြုသဘောဆောင်ပြီး ပြန်လည်တုန့်ပြန်လာမှာဖြစ်တယ်။ အေအေအပေါ်မှာ အကြမ်းဖက်လို့ သတ်မှတ်ထားတယ်၊ ငြိမ်းချမ်းရေးလမ်းစကို ပိတ်ထားတယ်။ အဲဒါက ယုံကြည်မှုဆိုတာ ဖြစ်ပေါ်လာမှာမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။
တပ်မတော်မှ အပစ်အခတ်ရပ်စဲရေးကြေငြာခဲ့သည့် လက်ရှိအချိန်ထိ အေအေနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ ပါဝင်ခြင်းမရှိခဲ့ပေ။
လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ ကပ်ရောဂါအပြင် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေး ရသူများ ဆက်လက်မြင့်တက်လာနေသဖြင့် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုက်ပွဲများရပ်တန့်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရန် ဒေသခံများက မျှော်လင့်နေကြသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနေမှုများသည် နှေးကွဲပြီး ငြိမ်ချမ်းရေးလမ်းကြောင်းပိတ်ဆို့နေကြောင်း အရပ်ဖက်အဖွဲ့အစည်းအများနှင့် လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်မှုများ ရှိနေကြသည်။
ယင်းသို့ ငြိမ်းချမ်းရေးလမ်းကြောင်း နှေးကွဲပြီး ပိတ်ဆို့နေမှုသည် ပြည်သူများမှအပ တပ်မတော်၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် တာဝန်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/mj-gn-zmt.html
No comments:
Post a Comment