Wednesday, September 30, 2020

မင်းပြားဘက်မှာ တိုက်ပွဲပြင်းထန်ဆဲ

 ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား ၂ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပါမယ်။

တဘက်သတ် အပစ်ရပ်ကြေညာချက်တွေ နောက်ထပ် သက်တမ်းတိုးထားတဲ့ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ မနေ့ကစ ဒီနေ့အထိ မင်းပြားမြို့နယ်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့လည်း မင်းပြားမြို့နယ်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းအောင်ကပြောပါတယ်။

“ဒီနေ့မနက် ၅ နာရီမတိုင်ခင်ကတည်းက သေနတ်သံတွေ တဖေါက်ဖေါက်ကြားနေရတယ်။ ၅ နာရီလောက်မှာတော့ သေနတ်သံတွေက ဒုန်းဒုန်းဒုန်း ကြားခဲ့ရတဲ့အနေထားတော့ရှိတယ်။ ရာမောင်တံတားနားက အရှေ့ဘက်နားက ဆနွင်းတောင်အဲဒီအနားမှာ။ မိနစ် ၄၀ လောက်တော့ကြားရတယ်။ မနေ့က ဖားပြိုအနောက်နဲ့ မေလွမ်းကြားမှာ အဲဒီချောင်းမှာဖြစ်ပွါးခဲ့တယ်လို့ကြားတယ်။”

ဒီကနေ့ မနက်ဘက်မှာ မင်းပြားမြို့နယ် ရာမောင်တံတားအနီး ဆနွင်းတောင်ဝင်ဝ တောင်ကုန်းပေါ်မှာ ပစ်ခတ်သံကြားနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့နယ်ထဲက မေလွမ်းကျေးရွာအနီးမှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွါးကြောင်း AA ပြောခွင့်ရ ခိုင်သုခကလည်း အတည်ပြုခဲ့ပါတယ်။

“စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လယ်တနာရီခွဲကစပြီးတော့ မင်းပြားမြို့နယ်မေလွမ်းရွာရဲ့အနောက်မြောက်ဘက် ၁.၈ ကီလိုမီတာလောက်အကွာမှာ မြေနီချောင်းဆိုတဲ့နေရာမှာ တိုက်ပွဲဖြစ်တာရှိတယ်။ ညနေပိုင်းအထိပေါ့နော် တိုက်ပွဲဖြစ်နေတာရှိတယ်။ ဒီနေ့အောက်တိုဘာလ ၁ ရက်နေ့ မနက်မှာလည်းပဲ မနေ့က တိုက်ပွဲဖြစ်တဲ့နေရာမှာပဲ တိုက်ပွဲဆက်ပြီးတော့နောက်တကြိမ်ပြန်ဖြစ်တာ ရှိတယ်။”မေလွမ်းကျေးရွာအနီးတိုက်ပွဲမှာ နှစ်ဘက်ထိခိုက်မှုတွ ရှိနေပေမဲ့ အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။

ဒီကနေ့ ဘူးသီးတောင်မြို့နယ်ဘက်မှာလည်း နှစ်ဘက်တိုက်ပွဲဖြစ်ပွါးနေပေမဲ့ အခြေအနေကို မသိရသေးဘူးလို့ ခိုင်သုခကဆိုပါတယ်။

မင်းပြားမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်ဘက်တိုက်ပွဲဖြစ်ပွါးနေတဲ့ အခြေအနေနဲ့ပက်သက်လို့ တပ်မတော်ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

တပ်မတော်က တဘက်သတ် အပစ်ရပ်ကြေညာချက်ကို ဒီလကုန်အထိ ၁ လသက်တမ်း ထပ်တိုးလိုက်ကြောင်း ဒီတပတ်ထဲမှာပဲ ကြေညာခဲ့ပေမဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေ လှုပ်ရှားတဲ့နယ်မြေတွေ မပါဝင်ကြောင်း ပြောဆိုထားတာကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ AA အဖွဲ့နဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါကူးစက်မှု များပြားနေတဲ့အပြင် ဒေသအတွင်းစစ်ရေးပဋိပက္ခကလည်း ကြီးထွားလာနေတာပါ။

ဒီလိုခြေအနေတွေကြောင့် ဒေသခံပြည်သူတွေ အခက်ခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဦးလှသိန်းအောင်ကပြောပါတယ်။

“COVID ကြောင့်ရယ် ပြီးရင်စစ်ဘေးတွေရဲ့ နှစ်ဘက်တပ်တွေရဲ့ လှုပ်ရှားမှုတွေကြောင့်ပြည်သူတွေ အခက်ခဲရှိနေတဲ့ အနေအထားတွေ အခုစားဝတ်နေရေး တအားကို အခက်ခဲရောက်နေကြပြီ။ ဒီလိုဆက်သွားနေဦးမယ် ပြည်သူတွေရဲ့ အသက်အိုးအိမ် စားဝတ်နေရေးက ဒီထက်မက အခက်ကြုံလာမယ့် အနေအထားမှာ ရှိတယ်။”

ရခိုင်ပြည်နယ်မှာ ၂ နှစ်နီးပါး စစ်ရေးတင်းမာမှု ဖြစ်စဉ်အတွင်း အရပ်သား ၂၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရပါတယ်။

ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်စဲထားကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားသလို မြန်မာနိုင်ငံ အခြေစိုက် သံတမန်တွေကလည်း တိုက်တွန်းခဲ့ကြတာပါ။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ် အပါအဝင် ရှမ်းပြည်နယ်အတွင်းမှာတော့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြား စစ်ရေးတင်းမာမှုတွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး သိန်းနဲ့ချီတဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။

https://burmese.voanews.com/a/myin-pyar-conflict/5604609.html

No comments:

Post a Comment