ကော့ကရိတ်တွင် တပ်မတော်သားများကို ပစ်သတ်သူ ၂ ဦးအား ဖမ်းမိ
မြဝတီ-ကော့ကရိတ် လမ်းသစ်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်တပ်ဖွဲ့ဝင် တဦး / ကျော်ခ / ဧရာဝတီ
13.0k
By ဇင်လင်းထက် 30 September 2020
Want create site? Find Free WordPress Themes and plugins.
ကရင်ပြည်နယ်ရှိ ကော့ကရိတ်- မြဝတီ လမ်းဟောင်းတွင် တပ်မတော်သား ၂ ဦးအား ပစ်သတ်ပြီး မိုင်းထောင်သွားသူ၂ ဦး အား ဖမ်းမိထားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧရာဝတီ သို့ ပြောကြားသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း က “ဖမ်းမိတာကတော့ ကျနော် သိရသလောက် တပ်မတော်နဲ့ BGF (ကရင်ပြည်နယ် နယ်ခြားစောင့်တပ်) ပူးပေါင်းအဖွဲ့က ဖမ်းမိတာ ဖြစ်တယ်။ စစ်ဆေးမှု လုပ်နေတယ်။ ကျူးလွန်ခဲ့တဲ့သူက သုံးယောက်ပါ။ တယောက်ကတော့ ထွက်ပြေးနေဆဲ လို့ သိရတယ်” ဟု ဆိုသည်။
ပူးပေါင်းအဖွဲ့များက ကော့ကရိတ်-မြဝတီလမ်းဟောင်းတဝိုက် မသင်္ကာသည့် နေရာအချို့ကို လုံခြုံရေး ဆောင်ရွက်နေစဉ် စက်တင်ဘာလ ၂၇ ရက်၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တပ်မတော်သားများသည် ပြီးခဲ့သည့် သြဂုတ်လ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် မြဝတီ-ကော့ကရိတ်သွား လမ်းဟောင်း၊ အလယ်ဘိုတဲ စခန်းတွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
အလယ်ဘိုတဲ စခန်းတွင် စခန်းထိုင်နေသည့် ဆက်သွယ်ရေး တပ်သား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ယင်းဖြစ်ရပ်ကို စစ်ဆေးရန် တပ်မတော်ဘက်က အလောင်းလာရောက် သယ်ယူရာ၌ အလောင်းအောက်တွင် မိုင်းထောင်ထားသဖြင့် ပေါက်ကွဲကာ ဆေးတပ်ဖွဲ့မှ ဗိုလ်ကြီးနှင့် တပ်သားတဦးတို့ ထပ်မံ ထိခိုက် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။
လက်ရှိ ဖမ်းမိထားသူများကို ကနဦး စစ်ဆေးချက်များအရ ကျူးလွန်သူများသည် ကရင်အမျိုးသား အစည်းအရုံး (KNU) ဘက်မှ ဖြစ်သည် ဟု ထွက်ဆိုထားကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက “အဓိကတော့ KNU ဘက်က ဖြစ်တယ်ဆိုတာ ပဏာမ ဖော်ထုတ် ရရှိတယ်။ ဒါပေမယ့် KNU အမြဲတမ်း တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ သိရတယ်။ သူတို့ကို ဘယ်သူ ခိုင်းတယ်ဆိုတာတော့ ကျနော်တို့ ထုတ်မပြောနိုင်သေးဘူး။ ခိုင်းတာတော့ KNU အောက်ခြေအဆင့်က ခိုင်းတာ ဖြစ်တယ်” ဟု ဆိုသည်။
KNU ဘက်ကမူ တပ်မတော်၏ စွပ်စွဲချက်သည် လုံးဝ မဖြစ်နိုင်ကြောင်း ပြောဆိုသည်။
KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက “ကျနော်တို့ အနေနဲ့ တပ်မတော် တပ်ဖွဲ့ဝင်တွေကို အဲဒီလို သတ်ဖြတ်ခိုင်းတာလည်း မရှိဘူး။ အဲဒီလို လုပ်ရမယ်ဆိုတဲ့ ပေါ်လစီလည်း မရှိဘူး။ ဒီကိစ္စတွေက ရှုပ်ထွေးပါတယ်။ နောက်ကွယ်မှာ အကျိုးစီးပွားနဲ့ ပတ်သက်တာတွေ ရှိနိုင်တယ်။ ဒီကိစ္စက KNU နဲ့ လုံးဝ ပတ်သက်မှုမရှိပါဘူး” ဟု ဧရာ ဝတီသို့ ပြောကြားသည်။
စက်တင်ဘာလဆန်းပိုင်းတွင်လည်း ယင်းတပ်မတော်သားကို ၂ ဦးကို သတ်ဖြတ်ခဲ့သူများသည် DKBA ခွဲထွက်အဖွဲ့မှ လူများက ဆောင်ရွက်ခြင်း ဖြစ်သည် ဟု ကနဦး သတင်းရထားကြောင်း တပ်မတော်ဘက်က ဆိုခဲ့သည်။
ယင်းနောက် တပ်မတော်ဘက်က နယ်မြေ လုံခြုံရေး ဆောင်ရွက်ခဲ့ရာ ဗိုလ်မှူးချုပ် စောကျော်သက် ဦးဆောင်သည့် DKBA ခွဲထွက်အဖွဲ့နှင့် တပ်မတော်တို့ စက်တင်ဘာလ ၄ ရက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
ထို့နောက် စက်တင်ဘာလကုန်ခါနီးတွင် သတ်ဖြတ်မှု၌ KNU အောက်ခြေအဆင့်ကလူများ ပါဝင်မှု ရှိသည်ဟု တပ်မတော် ဘက်က ထုတ်ပြောလာခြင်းလည်း ဖြစ်သည်။
တပ်မတော်သားများ သတ်ဖြတ်ခံရမှုသည် ပြီးခဲ့သည့် သြဂုတ်လက ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း တပ်မတော် ဘက်မှ မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီးရမိခဲ့မှုအပေါ် မကျေနပ်သဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်ဆိုသည့် သတင်း များလည်း တပ်မတော်ဘက်က ထုတ်ဖော် ပြောဆိုထားသည်။
https://burma.irrawaddy.com/news/2020/09/30/230803.html
No comments:
Post a Comment