Tuesday, September 1, 2020

မိုင်းယော်တိုက်နယ်ထဲက ဒေသခံတစ်ဦးကို တပ်မတော်က သေနတ်နဲ့ ပစ်သတ်


 မိုင်းယော်တိုက်နယ်ထဲက ဒေသခံတစ်ဦးကို တပ်မတော်က သေနတ်နဲ့ ပစ်သတ်
ရွှေဖီမြေ၊ စက်တင်ဘာ ၁ ရက်၊ လားရှိုး
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ် ဖာလိုင်ကျေးရွာက ဒေသခံတစ်ဦးကို တပ်မတော်က သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ သေဆုံးသွားတယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၉ ရက် မနက် ၉ နာရီမှာ ​ေဒသခံ ၂ ဦးဖြစ်တဲ့ မိုင်းအောင်နဲ့ မိုင်းပန်းဆာတို့ဟာ တောင်ယာသွားရင်း တပ်မတော် ခမရ (၃၆၁)နဲ့ လမ်းမမှာတွေ့ဆုံခဲ့ပြီး မိုင်းပန်းဆာကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက “ရွာသားကို ပစ်သတ်သွားတဲ့အဖွဲ့ကတော့ တပ်မတော်စစ်ကြောင်းဖြစ်တယ်။ အခုလိုမျိုး ဖြစ်ရပ်တွေ ဖြစ်သွားတဲ့အခါမှာ ကျွန်တော်တို့ကတော့ အရမ်းစိုးရိမ်ရတယ်ဗျာ။ ကျွန်တော်တို့ဆီမှာ လုပ်စားစရာဆိုတာ ဒီတောင်ယာတစ်ခုဘဲ ရှိတာပါ။ အခုလိုမျိုး ဖြစ်သွားတော့ ရွာသားတွေလည်း စိတ်မချမ်းသာဘူး။ သွားလည်း မသွားရဲတော့ဘူး။ အခုဆို အလုပ်သွားလုပ်ရင်လည်း ရွာသားတွေအတွက် အန္တရာယ်ရှိတယ်။ ကြောက်လည်း ကြောက်ရတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
အခုလို ရွာခံကို အကြောင်းမဲ့ ပစ်သတ်ပြီး မီးရှို့သတ်ဖြတ်လိုက်တာကို မလိုလားသလို သေဆုံးသွားတဲ့ ရွာသားအတွက် တရားမျှတမှုရရှိဖို့ ကျူးလွန်သူကို အရေးယူပေးဖို့အတွက် တောင်းဆိုချင်တယ်လို့ ဆိုပါတယ်။
အဆိုပါ ဖြစ်စဥ်ကို လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ရွာခံတွေက တိုင်ကြားစာ တင်ထားတယ်လို့ ပြောဆိုပေမယ့် လက်ခံရရှိခြင်း မရှိသေးကြောင်း လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ပြောပါတယ်။
တပ်မတော်ဘက်က အပစ်ရပ်ကာလ တိုးပြီးနောက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားခဲ့သလို ဒေသခံတွေကို အကြောင်းမဲ့ ဖမ်းဆီးတာတွေ ရှိနေပြီး အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ဒေသခံတွေအပေါ် အခုလို ကျူးလွန်နေတာကို ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။
နိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးသန်းစိုးနိုင်ကို ဆက်သွယ်မေးမြန်းရာမှာ “အဲဒီကိစ္စကတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်တာ မရှိသေးဘူး။ ဒါပေမဲ့ အဲလိုမျိုးကိစ္စတွေ ရှိမယ်လို့တော့ ယုံတယ်။ အခုလို အရပ်ဖက်အဖွဲ့အစည်းတွေ ထုတ်ပြန်ချက်တွေလုပ်တဲ့အပေါ်မှာ ကောင်းပါတယ်။ အဲလိုမလုပ်ရင် သူတို့က မသိချင်ဟန်ဆောင်လို့ရမှာ။ မီဒီယာတွေထဲမှာပါအောင် ပြီးတော့ သူတို့အနေနဲ့ ရှောင်လွှဲလို့မရတဲ့အခါကျရင် အဲဟာနဲ့ပတ်သက်တဲ့ သဘောထားတစ်ခုကို ထုတ်ပြန်ပါလိမ့်မယ်” ဆိုပြီး ရွှေဖီမြေကို ပြောပါတယ်။
မိုင်းယော်တိုက်နယ်မှာ တပ်မတော်အပါအဝင် တအာင်းတပ်မတော်၊ မန်ပန်ပြည်သူ့စစ်နဲ့ ရှမ်းတပ်မတော်(SSPP)တို့ လှုပ်ရှားနေတဲ့ နယ်မြေဖြစ်ပါတယ်။
#ဒေသခံ #ပစ်သတ်ခံရ #မိုင်းယော် #တပ်မတော်
#ဓာတ်ပုံ- Local (ပစ်သတ်ခံထားရတဲ့ ဒေသခံရဲ့ ရုပ်အလောင်း)
https://www.facebook.com/451214215694715/posts/777240246425442/


https://www.facebook.com/shwepheemyaynews/posts/777240246425442

No comments:

Post a Comment