Tuesday, September 29, 2020

ကျောက်တော်မြို့နယ်၌ မိုင်းများတွေ့ရှိ

 

ကျောက်တော်မြို့နယ်၌ မိုင်းများတွေ့ရှိ

ကျောက်တော်မြို့နယ် ကျောက်ဂူစုကျေးရွာနေ ဦးမောင်ပိန်အောင် နေအိမ်၌ မိုင်းများရှာဖွေတွေ့ရှိ ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၂၈ ရက်တွင်ထုတ်ပြန်သည်။

ကျောက်တော်မြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၇ ရက် နံနက် ၆ နာရီတွင် ကျောက်တော်မြို့နယ် ကျောက်ဂူစုကျေးရွာအတွင်း လုံခြုံရေးအရ ဝင်ရောက်ရှာဖွေစဉ် ကျောက်ဂူစုကျေးရွာနေ ဦးမောင်ပိန်အောင် (၃၆) နှစ် (ဘ) ဦးထွန်းအောင်၏ တယ်လီဖုန်းအား မသင်္ကာသဖြင့် စစ်ဆေးရာ တယ်လီဖုန်း အတွင်း၌ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်သွယ်ထားသော အချက်အလက်များအား တွေ့ရှိရသဖြင့် ရပ်မိ၊ ရပ်ဖများနှင့်အတူ ၎င်း၏ နေအိမ်နှင့်ပတ်ဝန်းကျင် အနီးတစ်ဝိုက်အား ရှာဖွေစစ်ဆေးရာ နေအိမ်အနောက်ဘက်ရှိ စပါးဂိုဒေါင်အတွင်းမှ စပါးခွံများဖြင့်ဖုံးအုပ်ထားသော အမြင့် ၅ လက်မ၊ အချင်း ၃ လက်မခန့်ရှိ ပလတ်စတစ်ဘူးဖြင့် ပြုလုပ်ထားသော ဒေသန္တရလက်လုပ်နင်းမိုင်းတစ်လုံး (စနက်တံတပ်ဆင်လျက်)နှင့် ဝါးညှပ်နင်းမိုင်းတစ်ခုတို့အား သိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် ဦးမောင်ပိန်အောင်အား သက်သေခံပစ္စည်းများတင်သွင်း၍ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဝှေရဲကျေးရွာနေ စိုင်းခွန်း(ဘ)ဦးလုံးဆိုင်၏နေအိမ်အား စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့များက သတင်းအရဝင်ရောက်ရှာဖွေစဉ် ဖမ်းဆီးရမိသူ၏ထွက်ဆိုချက်အရ စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မိုင်းဆတ်မြို့နယ် မိုင်းတွမ်းရွာ၏ အနောက်မြောက်ဘက် မီတာ ၇၅၀၀ ခန့်အကွာ၊ ဟိုမီးရွာ၏အနောက်ဘက် မီတာ ၈၀၀ ခန့်အကွာ၌ရှိသော မူးယစ်ဆေးဝါးချက်လုပ်သည့် မိုးကာတဲအတွင်း၌ တူမီး သေနတ် သုံးလက်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၀၀ ပြား၊ ကဖင်း ၁၇၀ ကီလို (စုစုပေါင်း မူးယစ်ဆေးဝါးခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၂၀ ကျော်)နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား ဆက်လက် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၂၆ ရက်ကထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးရမိ တူမီးသေနတ် သုံးလက်၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား မိုင်းတွမ်းနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

http://sdtimedaily.com/2020/09/29/zm05-161/

No comments:

Post a Comment