Tuesday, September 29, 2020

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

(၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်)

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၉ ရက်)

၁။           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊  ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် လည်းကောင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ၏ Appeal for Global Ceasefire  ကို ထောက်ခံသောအားဖြင့်လည်းကောင်း နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟုသတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁)ရက်မှ (၃၀)ရက်အထိ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုတိုးမြှင့်ရပ်စဲထား ကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၂။           ယခုအခါ မိမိတို့နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်း အတွင်း နိုင်ငံအနှံ့အပြားတွင် ကူးစက်နှုန်းမြင့်မားခြင်းနှင့် သေဆုံးမှုများရှိနေခြင်းကြောင့် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြန်မာ့တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်နှင့်အမျိုးသားအကျိုးစီးပွားအတွက်  အင်တိုက်အားတိုက်တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

၃။           COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ  ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၃၁) ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


https://cincds.gov.mm/node/9196

No comments:

Post a Comment