AA အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများအား လျစ်လျူရှုထားခြင်းမရှိဟု တပ်မတော်ပြော
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် AA အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများအား လျစ်လျူရှုထားခြင်းမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်သည်။
တပ်မတော်အနေဖြင့် ထိုသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူများ၏ လွတ်မြောက်ရေး၊ အသက်ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ပြန်လည်လွတ်မြောက်စေရေးအတွက် ရနိုင်သမျှနည်းလမ်းများနှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ပြောနိုင်တာတော့ တပ်မတော်သားပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပဲဖြစ်ဖြစ်၊ ဝန်ထမ်းများပဲဖြစ်ဖြစ်၊ ပြည်သူလူထုပဲဖြစ်ဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့လျစ်လျူရှုထားခြင်း မရှိပါဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။
စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများတွင် တပ်မတော်သားများသာမက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုများပါဝင်ပြီး ယခုချိန်ထိ AA အဖွဲ့၏ ဖမ်းဆီးခံရသူများရှိနေကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။
“အဲ့ဒါနဲ့ပတ်သက်ပြီး လွတ်မြောက်ရေးစစ်ဆင်ရေး အမြဲတမ်း ဆောင်ရွက်လျက်ရှိတယ်။ သတင်းထောက်လှမ်းစုံစမ်းပြီး ဆောင်ရွက်လျက်ရှိတယ်။ တချို့နေရာတွေမှာ လူဦးရေ အတိအကျမပြောနိုင်ပေမယ့် စစ်ဆင်ရေးဆောင်ရွက်ခဲ့မှုကြောင့် ပြန်လည်လွတ်မြောက်လာခဲ့တဲ့ တပ်မတော်သားတွေရှိခဲ့ပြီးဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် ရန်သူလက်ထဲသို့ ဖမ်းဆီးခံရသည့် တပ်မတော်သားများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများ ယခင်ကတည်းကရှိပြီး ဖမ်းဆီးခံရသည့် တပ်မတော်များ၏ အခွင့်အရေးနှင့်ပတ်သက်၍လည်း ရာခိုင်နှုန်းအလိုက်ပေးထားကြောင်း သိရသည်။
“တပ်မတော်သားများဟာ ရန်သူလက်ထဲကိုအဖမ်းခံရတဲ့အခါမှာလည်း တပ်မတော်သားများရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ကျတော့ လစာနေထိုင်ခွင့်တွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ရာခိုင်နှုန်းအလိုက်ပေးထားတာရှိပါတယ်။ ကျွန်တော်တို့မှာတော့ ပျောက်ဆုံးစာရင်းနဲ့သွင်းပါတယ်။ ပျောက်ဆုံးစာရင်းနဲ့သွင်းပြီး ရာခိုင်နှုန်းအလိုက်ပေးထားတာရှိပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။
ဖမ်းဆီးခံရပြီးပြန်လည်လွတ်မြောက်လာသည့်အခါတွင်လည်း လိုအပ်သောစစ်ဆေးမှုများလုပ်ဆောင်ကာ ယခင် တာဝန်ထမ်းဆောင်ခဲ့သည့်တပ်မှလွဲ၍ အခြားသောတပ်များသို့ ပြောင်းရွှေ့နေရာချထားခြင်း၊ လိုအပ်ပါက ကျန်းမာရေးအခြေအနေအရ အငြိမ်းစားပေးခြင်းများလည်းရှိကြောင်း သိရသည်။
http://sdtimedaily.com/2020/09/26/zm17-11/

No comments:
Post a Comment