Tuesday, September 29, 2020

AA နဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွဲချက်နဲ့ ပလက်ဝမြို့ခံနှစ်ဦး တပ်မတော်ဖမ်းဆီ

 AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ ချင်းပြည်နယ် ပလက်ဝ ဒေသခံနှစ်ဦးကို မြန်မာတပ်မတော်က ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့လည်း သက်ဆိုင်ရာ မိသားစုဝင်တွေကတော့ ဒီစွပ်စွဲချက်ဟာ မှန်ကန်မှု မရှိဘူးလို့ ဗွီအိုအေကိုပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ဖမ်းဆီးခံရထားရသူ တဦးရဲ့ မိခင်ဖြစ်သူ ဒေါ်ဒေါင်းမလေးကတော့ သားဖြစ်သူ မောင်စိုးကျော်လင်းနဲ့ သားမက်ဖြစ်သူ ထွန်းလင်းဇော်တို့ဟာ ပလက်ဝမြို့ကနေ စိမ်းစင်းရွာကို အလုပ်လုပ်ဖို့အသွား မြန်မာစစ်တပ်က ဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။

“(၂၃)ရက်နေ့ကအဖမ်းခံရပါတယ်။ သူတို့စိမ်းစင်းမှာအလုပ်လုပ်ဖို့သွားတယ်။ ပန်းရံလုပ်တာပါ။ သူတို့နှစ်ယောက် ဆိုင်ကယ်နဲ့သွားတယ်။ ဘယ်နေရာမှာအဖမ်းခံလဲ ကျွန်မတို့အတိကျမသိဘူး။ သူတို့ကိုဖမ်းတယ်လို့ ကျွန်မကို တဆင့်ပြောတယ်။ စစ်တပ်အဖွဲ့ကပါ။ (၂၈၉)တပ်ရင်းမှာထားပါတယ်။ ဘာဖြစ်လို့ဖမ်းတာလဲကျွန်မလဲမသိဘူး။ ကျွန်မသားက ကျွန်မကိုရိုးရိုးသားသားလုပ်ကျွေးတာပါ။ သူတို့ဘဲကျွန်မကို လုပ်ကျွးနေတာပါ။

အဖမ်းခံရလူငယ်နှစ်ဦးဟာ ဒီလစက်တင်ဘာ ၉ ရက်နေ့တုန်းကလဲ ရခိုင်ပြည်နယ်ကနေ ပလက်ဝမြို့ဘက်ကို ကုန်ပစ္စည်းသယ်ဆောင်ရင်း အဖမ်းခံခဲ့ရဘူးတယ်လို့လည်း ပြောပါတယ်။ သူတို့ ၂ ဦး အပါအဝင် အထမ်းသမား ၄၁ ဦးကို ကန့်သတ်နယ်မြေတွင်း ဒေသန္တရ အမိန့် လိုက်နာရန် ပျက်ကွက်မှုနဲ့ ပလက်ဝမြို့နယ်ထဲမှာပဲ စစ်တပ်ကဖမ်းဆီးခဲ့ပြီး နောက်ပိုင်းအရပ်ဘက်အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတကြိမ်မှာတော့ သူတို့ ၂ ဦးကို နယ်မြေခံတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး မိသားစုနဲ့ တွေ့ခွင့်မပေးခဲ့သလို၊ နှိပ်စက်ညှင်းပမ်းခံနေရမှာကို စိုးရိမ်ကြောင်းလည်း နယ်မြေခံ တပ်ရင်း (၂၈၉) ကိုရောက်သွားခဲ့တဲ့ ဒေါ်ဒေါင်းမလေးကပြောပါတယ်။

“ရိုက်သံတော့ကြားတယ်။ အမလေး ကျွန်တော် AAမဟုတ်ပါဘူး။ ဆိုတဲ့သူ့အသံက။ ကျွန်တော် AAမဟုတ်ပါဘူးလို့ ငိုသံတော့ကြားလိုက်တယ်ကျွန်မ။”

တပ်မတော်ကတော့ စက်တင်ဘာလ ၂၅ ရက်နေ့က ကုလားတန်မြစထဲမှာ စက်လှေတစီးကို လုံခြုံရေးတပ်ဖွဲ့ဝင် တွေ ရပ်တန့်စစ်ဆေးရာမှာ ပလက်ဝမြို့၊ ရွာမရပ်ကွက်နေထိုင်သူ ထွန်းလင်း ဇော်နဲ့စိုးကျော်လင်း တို့နှစ်ဦးအနက် တစ်ဦးဟာ AA အဖွဲ့နဲ့ဆက်စပ်နေတယ်လို့ တပ်မတော်ပြောခွင့်ရဗိုလ်ချုပ်ဇာ်မင်းထွန်းကပြောပါတယ်။

“AAနဲ့ဆက်စပ်မှုရှိတယ်ဆိုတာ AAမှာသင်တန်းတက်ခဲ့တဲ့လူတယောက်ဖြစ်တယ်။ AAတပ်သား သင်တန်းပေါ့ အဲဒီမှာ တက်ခဲ့တဲ့လူတယာက်ဖြစ်တယ်ဆိုတာတော့ ပဏာမစစ်ကြောရရှိထားတယ်။ ဆက်လက် စစ်ဆေးနေဆဲဖြစ်ပါတယ်။”

AA အဖွဲ့နဲ့ဆက်စပ်နေတယ်ဆိုတဲ့ သူတွေကိုတော့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်နေတယ်လို့ တပ်မတော်ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။

သံသယနဲ့အဖမ်းခံထားရတဲ့ ဦးထွန်းလင်းဇော် အသက်-၂၉နှစ် မောင်စိုးကျော်လင်း အသက်-၁၇နှစ်တို့နှစ်ဦးကို ဒီကနေ့မှာဘဲ ပလက်ဝရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

စစ်ရေးပဋိပက္ခတွေတင်းမာနေတဲ့ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်ဘက်ကရော AAရခိုင်လက်နက်ကိုင်အဖွဲ့ကပါ မသင်္ကာသူတွေကို ဖမ်းဆီးမှုတွေရှိနေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ဒါရိုက်တာကိုတေးရာကပြောပါတယ်။

“ကျွန်တော်တို့လက်လှမ်းမှီသလောက်တော့ (၂၀)ကျော်နေပြီ ဖမ်းဆီးတာရှိတယ်။ တချို့ဆို AAဖမ်းတာရှိသလို စစ်တပ်က ဖမ်းတာရှိတယ်။

ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြားဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်း လမ်း ရေလမ်းခရီးပိတ်ဆို့နေပြီးတော့ ကုန်စည်တွေလဲပြတ်လတ်နေပြီး လိုအပ်တဲ့ကုန်စည်တွေကို ဒေသခံအထမ်း သမားတွေကနေ ရခိုင်ပြည်နယ်ကနေ တောလမ်းခရီးနဲ့ထမ်းပိုးယူနေရတဲ့အခြေအနေ ရှိနေပါတယ်။

ကုန်စည်စီးဆင်းမှု ရပ်တန့်နေလို့ ပလက်ဝမြို့အပါဝင် ကျေးရွာအများအပြားမှာ အခြေခံစားသောက်ကုန်ပြတ် လတ် နေပြီး ကုန်စျေးနှုန်းကြီးမြင့်မှု ဒဏ်ကိုခံ နေရ ပါတယ်။


https://burmese.voanews.com/a/aa-arrest-2-paletwa-local-/5601070.html

No comments:

Post a Comment