Sunday, August 2, 2020

မယူကမ်းအထက်နန်းရာကျော်လမ်းမှ သေနတ်သံများထွက်လာ၍ ချွတ်ပြင်ရွာသားတို့ ထွက်ပြေးတိမ်းရှောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ စေတီပြင်ကျေးရွာအနီးရှိ အထက်နန်းရာကျော်လမ်းမှ ယနေ့နံနက် ၁ဝ နာရီကျော်က သေနတ်ပစ်ခတ်သံများထွက်ပေါ်လာသဖြင့် ချွတ်ပြင်ရွာသားတို့ စေတီပြင်သို့ ထွက်ပြေးလာကြသည်ဟု ပြောဆိုသည်။
“ ကျွန်တော်တို့ စကြားတာက ၁ဝ နာရီ ခွဲလောက်မှာ စကြားရပါတယ်။ လက်နက်ကြီးသံ၊ လက်နက်ငယ်ပစ်သံ တွေကိုလည်း ကြားရပါတယ်။ ဒါကြောင့် ရွာသားတွေ ကြောက်ပြီး ထွက်ပြေးကြပါတယ်။ အိမ်ခြေ ၄ဝ ကျော်လောက်မှာ လူပေါင်း ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက် စေတီပြင်ကို ထွက်ပြေးသွားကြပါတယ်။ အခု ရွာကိုစောင့်တဲ့ လူအနည်းအပါးဘဲ ကျန်ပါတယ်”ဟု ချွတ်ပြင်ရွာသားတစ်ဦးက ပြောသည်။
သေနတ်ပစ်သံများကို အထက်နန်းရာချောင်း၊ စစ်တပ်ချထားသော တောင်ကုန်းအောက် လမ်းဘက်မှ ကြားရပြီ သေနတ်ပစ်ခတ်သံများကို တစ်နာရီကျော် အချိန်ထိ အကြာကြီးကြားခဲ့ရသည်ဟုဆိုသည်။
သေနတ်ပစ်ခတ်သံများကို စေတီပြင်ရွာမှလည်း ကြားရသည်ဟု ဆိုသည်။
“ သေနတ်ပစ်သံတွေကြားရပါတယ်။ အေအေနဲ့ တိုက်ပွဲဖြစ်တယ်လို့လည်း သတင်းကြားရပါတယ်။ ဘာတွေ ဖြစ်နေတယ်ဆိုတာ အရပ်သားတွေ ဘယ်သူမှ မသိနိုင်ဘူး။ ရွာသားတွေလည်း ကိုယ့်အိမ်ထဲမှာဘဲ ကိုယ်နေကြတယ်။ မနက် ၁၁နာရီကျော် ၁၂ နာရီနီးပါးထိ သေနတ်ငယ်သံရော၊ လက်နက်ကြီးပစ်သံကိုရော ကြားရပါတယ်” ဟု စေတီပြင် ဒေသခံ တစ်ဦးက ပြောသည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေသို့ ဆက်သွယ်ရာ စေတီပြင်အနီး အထက်နန်းရာတောင်ကျော်လမ်းတွင် တိုက်ပွဲ ဖြစ်ပွားသည်ဟု သတင်းရရှိကြောင်း ပြောကြားသည်။
“ ရွာသားတွေပြောတာက အထက်နန်းရာကျော်လမ်းမှာ တိုက်ပွဲဖြစ်တယ်လို့ သတင်းပို့တယ်။ သူတို့ သေနတ်ပစ်သံတွေကို ကြားရတယ်ဆိုပြီး ပြောတယ်။ တောင်ခြေအောက်မှာ တည်ရှိတဲ့ ချွတ်ပြင်ရွာက ရွာသားအချို့လည်း စေတီပြင်ဘက်ကို ထွက်ပြေးတယ်လို့ သတင်းရပါတယ်” ဟု ပြောကြားသည်။
၎င်းစေတီပြင်နယ်မြေ ပတ်ဝန်းကျင်ရှိ ညောင်ပင်လှနှင့် သဇင်မြိုင်နယ်ခြားစောင့် စခန်းများကို ရုပ်သိမ်းသွားခဲ့ပြီးနောက်ပိုင်းတွင် အထက်နန်းရာတောင်ကျော်လမ်းအနီးရှိ စေတီတောင်ပေါ်တွင် တပ်မတော်မှ တပ်စွဲ နေရာယူထားကြောင်း ကျေးရွာသားများက ပြောကြားသည်။

https://www.facebook.com/narinjara.info/posts/3458094627535923?__xts__%5B0%5D=68.ARDuQVoIYJK2D5RRcxk6trST9P-PTd6Irl04q3JUFA3M84UPKJZUVRMpAMyTyJxVgZ1SeX_4nvDf35XW8KfkQvGHDz8DpKFp2u5xvNzvvbPLFVB0d8yJ3DYcywKOq9fUWAD_by9T3YyRSm-j1uvu9FXkO3tPuNaDkdgbCraICeurQJyH_vcP5WtQWMjbQtQ_RHslVfaKmUtcwQ_HXeG1Et1rXCkPg5MlH3_MV5bSvuDAutlWHUZ02mVyTXnId5LaiYlQ-WlUeYrPvNt-Tq5khId7kM4cwfqfyovaL5Tt7s3MHd0mowdrBd79N26nxIg18G0URRCdDDN812XuD8bY29DZCg&__tn__=-R

No comments:

Post a Comment