Saturday, August 29, 2020

ရသေ့တောင်ဒေသခံတစ်ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ယနေ့(သြဂုတ်လ ၂၉ရက်နေ့) ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသားတစ်ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။
ဒဏ်ရာရရှိသူမှာ င/စံဘော်ကျေးရွာမှ ဦးအောင်ကျော်ညွှန့်(ခ)ဦးမောင်ဘုယေ အသက်(၆၀)နှစ်ဖြစ်ပြီး ၎င်းမှာ ယနေ့နေ့လည် ၂ နာရီအချိန်ခန့်က နေအိမ်၌ရှိနေစဉ် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲကာ ဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်ဟု သားဖြစ်သူ ကိုအောင်ထွန်းဝင်းက DMG သို့ပြောသည်။
“လက်နက်ကြီးက အိမ်ရှေ့ကလမ်းကိုကျတာ။ လမ်းနဲ့ထမင်းချက်နေတဲ့နေရာနဲ့က အရမ်းနီးတော့ လက်နက်ကြီး ကျည်စထိသွားတာ။ ရသေ့တောင်မြို့ပေါ်တပ်ရင်းက မနက် ၉ နာရီကတည်းကနေ ရေမျက်ကျေးရွာဖက်တို့၊ င/စံဘော်ကျေးရွာဖက်တို့ကို အဆက်မပြတ် လှမ်းပြီးပစ်နေတာ။ အခုကျွန်တော့်အဖေ ဒဏ်ရာရပြီးမှ ပစ်တာ ရပ်သွားတာ” ဟု၎င်းကပြောသည်။
ထိုသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဦးအောင်ကျော်ညွှန့်မှာ ဘယ်ဖက်လက်ညိုးတစ်ချောင်း ပြတ်ထွက်သွားပြီး ညာဘက်လက်ညှိုး၊ လက်မနှင့် ဘယ်ဖက်ပုခုံးတို့၌ ဒဏ်ရာအသီးသီးရရှိသွားခဲ့သည်။
အဆိုပါကျေးရွာအနီးတစ်ဝိုက်တွင် ယနေ့တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိသော်လည်း ရသေ့တောင်မြို့ပေါ် တပ်ရင်းမှ လက်နက်ကြီးအလုံး ၂၀ ကျော်ခန့် လှမ်းပစ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
လက်ရှိတွင်လူနာအား ရသေ့တောင်ဆေးရုံသို့ပို့ဆောင်ရန်အတွက် ရသေ့တောင်မြို့မှ ကူညီဆောင်ရွက် ပေးနေသူများထံ အကူအညီတောင်းခံထားကြောင်း ကိုအောင်ထွန်းဝင်းကပြောသည်။
အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့အား DMG ကဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “နဂိုကတည်းက စစ်ဘေးဒဏ်ခံနေရတဲ့ထဲ ရောဂါ ကပါ တိုးလာတယ်။ ဒီလိုအချိန်မျိုးမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက တားဆီးသင့်တယ်။
ဖြစ်ပြီးမှတားတာထက် မဖြစ်ခင်ကတည်းက ကြိုတင်တားဆီးသင့်တယ်။ အခုက တစ်ခါဖြစ်လိုက်ရင်လည်း အရပ်သား၊ နောက်တစ်ခါ ထပ်ဖြစ်ရင်လည်း အရပ်သားဆိုတော့ ဒီလိုကိစ္စမျိုးကိုလုပ်တဲ့သူတွေမှာ အရမ်းတာဝန် ရှိသွားပြီ” ဟု ၎င်းက ဆိုသည်။
ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ပေးရန် ရခိုင်ပြည် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီအပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးမှ အဖွဲ့အစည်း ၁၀ ခုက သြဂုတ်လ ၂၅ ရက်နေ့တွင် တောင်းဆိုထားသည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/rtd-aug-29-vcm.html

No comments:

Post a Comment