Wednesday, August 26, 2020

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တရုတ်-မြန်မာ ပူးတွဲသုတေသန စီမံကိန်းများ စတင်ခြင်း အခမ်းအနား တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တရုတ်-မြန်မာ ပူးတွဲသုတေသန စီမံကိန်းများ စတင်ခြင်း အခမ်းအနား တက်ရောက်


    နေပြည်တော် ဩဂုတ် ၂၆
    တရုတ်-မြန်မာ ပူးတွဲသုတေသနစီမံကိန်းများ စတင်ခြင်းအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
    အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ ကောင်စစ်ဝန် Ms. Yang Chenceng နှင့် သံရုံးအရာရှိများ တက်ရောက် ကြသည်။
    အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးက၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပခဲ့ သော ပထမအကြိမ် သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တရုတ်-မြန်မာ ပူးတွဲ ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက် အရ ရွေးချယ်ထားသော ပူးတွဲသုတေသနစီမံကိန်း ၁၀ ခုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ တရုတ်ယွမ်ငွေ ၁၅ သန်းထောက်ပံ့ မည့် အစီအစဉ်စတင်ခြင်း အထိမ်းအမှတ် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ရာစုနှစ်ရှည်လျားစွာ တည်တံ့ ခိုင်မြဲခဲ့သော တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် အဓိက အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာကျောင်းသားများ အတွက် နှစ်စဉ် ပညာသင် ဆုများချီးမြှင့်ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း။
    ပထမအကြိမ် တရုတ်-မြန်မာ ပူးတွဲသုတေသနစီမံကိန်းများတွင် စိုက်ပျိုးရေးကဏ္ဍ၊ သောက်သုံး ရေသန့်ရှင်း လုံခြုံရေးကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ တိုင်းရင်းဆေးပညာ ကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍ၊ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် ကာကွယ်ရေး ကဏ္ဍနှင့် တိကျစွာတိုင်းတာခြင်းနည်းပညာနှင့် စံချိန်စံညွှန်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးကဏ္ဍ တို့မှ လျှောက်လွှာခေါ်ဆိုခဲ့ပြီး စီမံကိန်း ၆၃ ထဲမှ ၁၀ ခုကို ရွေးချယ်ခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ တရုတ်ယွမ် ၁၅ သန်းထက် မပိုသော ထောက်ပံ့ ငွေဖြင့်  တရုတ် နိုင်ငံ၏တက္ကသိုလ်များ၊ သုတေသနဌာနများ၊ အဖွဲ့အစည်းများနှင့် မြန်မာ နိုင်ငံ၏ တက္ကသိုလ်များ၊ သုတေသနဌာနများ ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
    ၁၉၅၀ ပြည့်နှစ်မှစ၍ ထူထောင်ခဲ့သော တရုတ်-မြန်မာ သံတမန်ဆက်သွယ်ရေး နှစ် ၇၀ ပြည့် ပြည့်မြောက်သော ယခု ၂၀၂၀ ပြည့်နှစ်မှစတင်၍ ပူးတွဲသုတေသန၊ လူငယ်သိပ္ပံပညာရှင်များ လည်ပတ်ရေး အစီအစဉ်နှင့် နည်းပညာဖလှယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ဆက်စပ်နယ်ပယ်အသီးသီးမှ လူသားအရင်း အမြစ်များဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် တရုတ် နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့်ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုလေးနက် ခိုင်မာစေ မည်ဖြစ်ပါကြောင်း ပြောကြား သည်။
    ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က အမှာစကားပြော ကြားပြီး ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ် ခဲ့ကြောင်းသိရသည်။

    No comments:

    Post a Comment