ရသေ့တောင်တွင် တိုက်ပွဲဖြစ်ပွား၊ လက်နက်ကြီးကျည်ကျ၍ ကျေးရွာသား ၁ဦး ထိခိုက်ဒဏ်ရာရကာ သွေးလွန်သေဆုံးနိုင်
ရန်ကုန်၊ သြဂုတ် ၂၉
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ငစံဘော်ကျေးရွာအတွင်းသို့ ယနေ့ နေ့လည် ၂နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ခဲ့သောကြောင့် ဒေသခံ ၁ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ရန်အတွက် ကုန်လမ်း၊ ရေလမ်း ပိတ်ဆို့ထားခြင်းကြောင့် သွေးလွန်သေဆုံးမည်ကို စိုးရိမ်ရကြောင်း ရသေ့တောင်မြို့နယ်မှ ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောဆိုသည်။
“ ဟုတ်တယ်(ငစံဘော်ကျေးရွာကို လက်နက်ကြီးကျည်ကျတာ)။ ၁ဦးထိခိုက် ဒဏ်ရာရတယ်။ ရသေ့တောင်က လက်နက်ကြီး အလုံး ၂ဝလောက်ပစ်တယ်။ အဲတာ မနက်ပိုင်း ၁၁နာရီ လောက်တည်းကပစ်တာ ၂နာရီလောက်မှ ထိတယ်။ ရွာအနီးပတ်ဝန်းကျင်တွေ တောတောင်တွေ အဲဒီနေရာတွေမှာကျတာ (လက်နက်ကြီးကျည်) အဲလိုပစ်တဲ့ အချိန်တော့ တိုက်ပွဲမဖြစ်ဘူး။ ရွာထဲကို တစ်လုံးပဲကျတာ (လက်နက်ကြီးကျည်) ကျန်တာတွေက အနီးအနားကရွာတွေ တောင်ကုန်းတွေမှာကျတယ်။ ရသေ့တောင်မြို့ဘက်က ပစ်တယ်လို့တော့ သိရတယ်။ သူက လက်နက်ကြီး ပစ်တာက ဆက်တိုက်ပစ်တာ မဟုတ်ဘူးလေ။ လက်နက်ကြီး တစ်လုံးပစ်ရင် ၂ခါကြားရတယ်။ ဘယ်နားမှာ ကျတယ်ဆိုတာကြားရတယ်။ မိုင် ၂ဝထိလောက်ကကြားတာပဲ။ အဲတော့ ဘယ်ဘက်ကလာတယ်။ ဘယ်မှာထိတယ်ဆိုတာက အသံကြားရင်သိတယ်” ဟု ၎င်းကပြောဆိုသည်။
ထိုလက်နက်ကြီးကျည် ထိမှန်သူမှာ ငစံဘော်ကျေးရွာသား ဦးအောင်ကျော်ညွှန့် အသက် ၆၄ နှစ် ဖြစ်ပြီး လက်ရှိချိန်တွင် လူထမ်းစင်ဖြင့် ရသေ့တောင်မြို့ပေါ် ဆေးရုံသို့ ခေါ်ဆောင်နေကြောင်း ဦးခင်မောင်လတ်က ဆက်လက်ပြောဆိုသည်။
“ အခုကတော့ လမ်းမှာပဲ သူက ည ၁ဝနာရီ ၁၁နာရီလောက်မှ ရောက်မှာ ဆေးရုံကိုပေါ့။ ကားနဲ့သွားရင် နာရီဝက်ပဲ။ ဒါပေမယ့် ကားလမ်းကပိတ်ထားတယ်။ မြစ်ကြောင်းမှာလည်း Navy ရှိတော့ အဲဒီကလည်း မသွားကြဘူး။ ကုန်းလမ်း လူထမ်းစင်နဲ့သွားရတယ်။ ချောင်းလေးတွေတွေ့ရင် စက်လှေနဲ့သွားရတယ်။ အဲလိုပဲ လှည့်ပတ်ပြီးသွားရတယ်။ ဒဏ်ရာအခြေအနေကတော့ မှန်းလို့မရဘူး အရင်လူတွေလည်း သွေးလွန်ပြီးသေတာပဲ အရောက်ကြာလို့ သေတာက သွေးလွန်လို့ သေတာများတယ်။ ဆေးရုံအရောက်ကြာလို့ပေါ့။ အရင်တုန်းက ၂ယောက်လည်း သွေးလွန်ပြီးသေတာ လမ်းမှာသေတာ” ဟု ၎င်းကပြောဆိုသည်။
ထို့သို့ လက်နက်ကြီးကျည်များ ကျရောက်ပြီးနောက် ငစံဘော်ကျေးရွာအနီးတွင် ယနေ့ ညနေ ၅နာရီခန့်က AA နှင့်တပ်မတော်တို့အကြား ၁၀ မိနစ်ကျော် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
https://www.facebook.com/khitthitnews/posts/998121520625194?__cft__[0]=AZV4O4wRunNv38vXMTRmtSxJhqkrvP7xKxeniQ3iNMnonYwKSgFmoSu4PuNSqaukXI3IzoaiHog9tNMv_3AxDwVfVsTijOma5dZCGFHUS8P8oaMZUjFDxXTShhEQtZl0oH3YntxbiQT17n7lpQj_cBz2857c2J83bdKMLMRaO0KE5A&__tn__=%2CO%2CP-R
No comments:
Post a Comment