ပလက်ဝမြို့နယ်တွင် ကိုယ်ဝန်သည်အမျိူးသမီးများ ကိုယ်ဝန်ပျက်ကျမှုများလာ
By နှင်းနှင်း - စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ကိုယ်ဝန်သည်အမျိူးသမီးများ ကိုယ်ဝန်ပျက်ကျမှု များလာသည်ဟု သိရသည်။
ပလက်ဝမြို့နယ်တွင် ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလမှ ဇူလိုင်လအထိ (၇) လအတွင်း ကိုယ်ဝန်သည်အမျိူးသမီး (၅၄) ဦး ကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားခဲ့ပြီး ယင်းကိုယ်ဝန်ပျက်ကျမှုများသည် စစ်ရေးပဋိက္ခနှင့် တစ်စိတ်တစ်ပိုင်းဆက်နွယ်မှုရှိသည်ဟု ပလက်ဝမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်ဝင်းကပြောသည်။
“စစ်ဘေးတွေတိမ်းရှောင်ရလို့ ဟိုပြေးဒီပြေးလုပ်ရတယ်၊ လှုပ်ရှားသွားလာမှုများတဲ့အခါ အဲလိုမျိူးကြောင့်ရယ် စိုးရိမ်ကြောင့်ကြမှုတွေကြောင့်ရယ်၊ ပြီးတော့ ဒီလိုထွက်ပြေးသွားလာနေတဲ့အခါမှာ အဟာရပိုင်းကိုလည်း ဂရုမစိုက်နိုင်တော့တာကြောင့်ဖြစ်ဖို့များပါတယ်” ဟု ဒေါက်တာစိုးသက်ဝင်းကပြောသည်။
ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်မက်ဖြစ်ပွားရာဒေသတစ်ခုဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လအထိ ပလက်ဝမြို့နယ်တွင် တိုက်ပွဲပေါင်း (၁၁) ကြိမ်ဖြစ်ပွားခဲ့သည်ဟု Burma News International (BNI) က ထုတ်ဝေသော ရခိုင်နှင့်ချင်းဒေသ စစ်ရေး-နိုင်ငံရေး အားပြိုင်မှုများနှင့် အနာဂတ်မြန်မာ ဆန်းစစ်လေ့လာမှုစာစောင် (၂) တွင်ဖော်ပြထားသည်။
ပလက်ဝမြို့နယ်အတွင်း ကိုယ်ဝန်သည်အမျိူးသမီးများ ကိုယ်ဝန်ပျက်ကျမှုများလာရခြင်းသည် ပလက်ဝမြို့နှင့်အနီးတစ်ဝိုက်တွင် ယခုနှစ်ဆန်းပိုင်းကစ၍ တိုက်ပွဲပြင်းထန်လာသည့်အတွက်ကြောင့် ဖြစ်နိုင်သည်ဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေကပြောသည်။
“ဘာကြောင့်လဲဆိုတော့ ပလက်ဝအနီးအနားတဝှက်မှာ ဗုံးကြဲတာမျိုးတွေအရမ်းများတယ်၊ လက်နက်ကျည်ကျတ များတယ်၊ စစ်ပွဲနဲ့ နည်းနည်းလေးဝေးတဲ့ရွာတွေက ကိုယ်ဝန်ပျက်ကျမှု အဲလောက်မများဘဲနဲ့ ဒီပလက်ဝမြို့ပေါ်နဲ့ ဒီစစ်ဘေးကို လုံး၀ အကြီးအကျယ်ခံစားရတဲ့ ဒေသတွေမှာ ပိုပြီးဖြစ်တာ စစ်ပွဲတွေကို အမြန်းဆုံးရပ်တန့်စေချင်တယ် အမြန်ဆုံးငြိမ်းချမ်းစေချင်တယ် တကယ်လို့ မဖြစ်မနေတိုက်ရမယ်ဆိုရင်တောင်မှ လူတွေနဲ့ ပြည်သူ လူထုနဲ့ဝေးတဲ့နေရာမှာသွားပြီးတော့ တိုက်တာက အဆင်ပြေတယ် ပိုပြီးတော့ သင့်တော်တယ်ပေါ့နော်။ လူတွေနဲ့ အနီးဆုံးနေရာမှာ တိုက်ပွဲတွေ ဖန်တီးနေတာကတော့ လူထုအတွက်က ဆိုးကျိုးတွေအရမ်းများနေတယ် ခြိမ်းခြောက်မှုတွေနဲ့ လူထုတွေကစိုးရိမ်မှုတွေနဲ့ သောကတွေနဲ့ ရှင်သန်နေရတဲ့အခါမှာ အထူးသဖြင့် ဒီကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေက ပိုပြီးတော့ ထိခိုက်မှုပိုများရတာပေါ့” ဟုပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပလက်ဝမြို့ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၅၀၀၀) နီးပါး၊ ဆမီးမြို့ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၃၀၀၀) ကျော်၊ စိမ်းစင်းကျေးရွာတွင် လူဦးရေ (၅၀၀) ကျော် ခိုလှုံနေကြရဆဲဖြစ်သည်။
ပလက်ဝမြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ စာရင်းအရ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း ပလက်ဝမြို့နယ်တွင် ကိုယ်ဝန်ပျက်မှု (၁၁၉) ဦးရှိခဲ့သည်ဟုသိရသည်။
#Unicode
https://www.facebook.com/KhonumthungBurmese/posts/2676678405933518
No comments:
Post a Comment