Saturday, August 1, 2020

စတုတ္ထအကြိမ် ၂၁ရာစုပင်လုံညီလာခံ​​ သြဂုတ် ၁၉ရက် ကျင်းပမည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်မြောက်အစည်းအဝေးကိုမူလက သြဂုတ်၁၂ ရက်တွင် စတင်ကျင်းပရန်လျာထားသော်လည်း အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးများအရ သြဂုတ် ၁၉ ရက်၌ ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ထားကြောင်း နိုင်ငံ​​တော်သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောသည်။
''သြဂုတ်လ ဒီလ ၁၂ ၊၁၃ ၊၁၄ ကျင်းပမယ်ဆိုပြီးတော့ လျာထားတာရှိတယ် ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ၂၇ ၂၈ ၂၉ လေးရက် ရန်ကုန်မှာကျင်းပခဲ့တဲ့ အလုပ်အဖွဲ့အစည်းအဝေးမှာ ညီလာခံကျင်းပမယ့်ရက်ကို လာမယ့် သြဂုတ်လ ၁၉ ၂၀ ၂၁ အဲဒီမှာ ကျင်းပဖို့သတ်မှတ်လျာထားခဲ့တယ်။တစ်ဖက်မှာလည်း နိုင်ငံရေးပါတီ တွေအနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့်ကာလရှိတဲ့အတွက် ဒီထက် နောက်ဆုတ်လို့မရဘူးပေါ့။ နိုင်ငံရေးပါတီတွေ အနေနဲ့လည်း ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့စည်းရုံးလှုပ်ရှားမှု ဆောင်ရွက်ရတဲ့အနေအထားဖြစ်တော့ ၁၉  ၂၀  ၂၁ကျင်းပဖို့ ရှိပါတယ်” ဟု၎င်းက ပြောသည်။

ညီလာခံကျင်းပရေးကိစ္စနှင့်ပတ်သက််၍၈ကြိမ်မြောက် JICM အစည်းအဝေးတွင် ၂၀၂၀ ပထမ လေး လတာကာ လအတွင်းကျင်းပရန် ဆုံးဖြတ်ထားခဲ့သော်လည်းကိုဗစ်-၁၉ကာလဖြစ်သည့်အတွက်နောက်ဆုတ်ခဲ့ရခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင်လည်း မူလလျာထားရက်ထက် တစ်ပတ် နောက်ဆုတ်လိုက်ခြင်းဖြစ်သည်။
သြဂုတ်လ ၁ ရက်နေ့၌ နေပြည်တော်ရှိ NRPC တွင်ပြုလုပ်သည့် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား ညှိနှိုင်းအစည်းအဝေးအတွင်း အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။
ယနေ့အစည်အဝေးအတွင်း ၈ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်တစ်ချက်ဖြစ်သည့် တရား၀င်အစည်းအဝေးများနှင့် Bilateral အစည်းအဝေးများ အပြိုင်လုပ်ဆောင်သွားရန်ဆိုသည့် အချက်ကို အဓိကထား ဆွေးနွေးခဲ့ပြီး အစည်းအဝေး မပြီးပြတ်သေးကြောင်း ဦးဇော်ဌေးက ဆိုသည်။
“အဓိကကတော့ JMC-U အစည်းအဝေးတွေကျင်းပပြီးသွားပြီ။ UPDJC ကျင်းပပြီးသွားပြီ။ ပြီးတော့ JMC-S အစည်းအဝေးဆက်ကျင်းပဖို့ ဒီနေ့ ဆွေးနွေးတာဖြစ်ပါတယ်။ အထူးသဖြင့်တော့ Bilateral Concert အပြိုင်သွား တဲ့သဘောတရားက ဘယ်လိုလဲဆိုတော့ တရား၀င်အစည်းအဝေးတွေကျွန်တော်တို့ ရှိမယ်။တစ်ချိန်တည်းမှာပဲ NCA မှာပါတဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၂ဖက် Bilateral ဆွေးနွေးမှုတွေလည်းရှိမယ်။ဒါ တွေကိုအပြိုင်သွားမယ်ဆိုပြီး ဆုံးဖြတ်ထားတယ်။ဒီအတိုင်းသွားဖို့အတွက် တပ်ကလည်းတောင်းဆိုထားတယ်။အဲဒီအပေါ်မှာလည်း အစိုးရအနေနဲ့ထောက်ခံတယ်။အဲဒီအတွက် JICM ဆုံးဖြတ်ချက်အတိုင်း JMC-S အစည်းအဝေးတွေ ကိုသွားဖို့ ဒီနေ့ ဆွေးနွေးတဲ့အခါမှာ EAO ဘက်မှာတော့ KNU မှာတချို့ အခက်အခဲလေးတွေရှိတယ်။ဒီတော့ ဒီနေ့ ဆွေးနွေးတာမပြီးပြတ်ဘူး။ မနက်ဖြန်မှာ ဆက်ပြီးတော့ ဆွေးနွေးမယ်” ဟု ၎င်းက ပြောသည်။
စတုတ္ထအကြိမ်မြောက် ၂၁ရာစုပင်လုံညီလာခံအတွင်း ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ကိုလက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးမှုများလုပ်ဆောင်နေပြီး ညီလာခံကျင်းပနိုင်မည်ဆိုပါက ၂၀၂၀ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှင့်သက်ဆိုင်သည့် အချက်အလက်များကိုသဘောတူနိုင်မည်ဖြစ်ကြောင်း သိရသည်။

https://myanmar.mmtimes.com/news/142026.html

No comments:

Post a Comment