Saturday, August 1, 2020
အစိုးရနဲ့ လူမျိုးစု လက်နက်ကိုင်တွေကြား ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ မပြီးပြတ်သေး
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေကြား ဒီကနေ့ အစည်းအဝေးမှာ နှစ်ဖက်ညှိနှိုင်းမှု မပြီးပြတ်သေးတဲ့အတွက် တနင်္ဂနွေနေ့မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုမိုးဇော် စုစည်းတင်ပြထားပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးအတွက် မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ ဇူလိုင်လ ၂၅ ရက်နေ့က စတင်ဆွေးနွေးခဲ့ပြီး မပြီးပြတ်ခဲ့တာကြောင့် ဒီနေ့ နေပြည်တော်မှာ ဆက်လက်ဆွေးနွေးကြတာ ဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲမှာတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးနဲ့ ပတ်သက်တာကို အဓိက ဆွေးနွေးခဲ့ကြောင်း ပါဝင်တက်ရောက်ခဲ့တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ဗွီအိုအေကို ပြောပါတယ်။
“ဒီနေ့ဆွေးနွေးတဲ့ ကိစ္စကတော့ လာမယ့် ငြိမ်းချမ်းရေးဖြစ်စဉ် အကောင်အထည်ဖော်တဲ့ နေရာမှာ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) တွေကို ကျင်းပသွားရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အဓိက ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒါကလည်း ဒီ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အစည်းအဝေး ဆုံးဖြတ်ချက်အပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ နှစ်ဖက် နားလည်မှုတွေ တူညီအောင် ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးချက်က ဆုံးဖြတ်ချက်က မပြတ်ဘူး။ ဒီနေ့ ဆွေးနွေးမှုကို မနက်ဖြန်မနက် ၁၀ နာရီမှာ ထပ်မံပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။”
နှစ်ဖက်ဆွေးနွေးပွဲကို မူလက ၃ ရက် သတ်မှတ်ခဲ့ပေမယ့် အခုအခါ ၅ ရက်ထိ ဆွေးနွေးခဲ့ရတာပါ။ ဘယ်လို သဘောထားကွဲပြားမှုတွေ၊ အခက်အခဲတွေကြောင့် ဆွေးနွေးပွဲ မပြီးရတာလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
နေပြည်တော်မှာ ကျင်းပတဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲ တက်ရောက်ကြသူများ။ (သြဂုတ် ၁၊ ၂၀၂၀။ ဓာတ်ပုံ - ဦးလှမောင်ရွှေ)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးမှာ ပြည်ထောင်စု သဘောတူညီချက်စာချုပ် အပိုင်း ၃ ကို ချုပ်ဆိုဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဒီစာချုပ်မှာ NCA အပစ်ရပ်စာချုပ်ဆိုင်ရာ မူဘောင် ပြန်လည်ညှိနှိုင်းရေး၊ ၂၀၂၀ ပြည့် ရွေးကောက်ပွဲနောက်ပိုင်း အဆင့်လိုက် အကောင်အထည်ဖော်မှုနဲ့ ဖက်ဒရယ်အခြေခံမူလမ်းညွှန် စတဲ့ အပိုင်း ၃ ပိုင်း ပါဝင်တာ ဖြစ်ပါတယ်။
ဒီကနေ့ဆွေးနွေးချက်ကတော့ NCA အပစ်ရပ်စာချုပ်ဆိုင်ရာ မူဘောင် ပြန်လည်ညှိနှိုင်းရေး ခေါင်းစဉ်အောက်မှာ ပါဝင်တာဖြစ်ပါတယ်။ မူဘောင် ပြန်လည်ညှိနှိုင်းရေးအတွက် အချက် ၁၃ ချက် သဘောတူညီချက် ရရှိထားပြီး ကျန်ရှိနေတဲ့ ၃ ချက်ကို ဆက်လက်ဆွေးနွေးတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လအတွင်းက ၄ ရက်ကြာ အစည်းအဝေးမှာ အပိုင်း ၃ ခုအနက်က အချက်အတော်များများကို သဘောတူညီချက် ရထားပေမယ့် လက်နက်ကိုင်တပ်တွေ ပေါင်းစည်းရေးဆိုတဲ့အချက် ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စမှာလည်း အချက်အချို့ ဆွေးနွေးဖို့ ကျန်ရှိနေပါသေးတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကတော့ ဒီနေ့ ဆွေးနွေးတာတွေ မပြီးပြတ်သေးတာကြောင့် ဆွေးနွေးတဲ့ အချက်တွေကို ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးမယ် ဆိုတာကိုတော့ အခုလို အတည်ပြု ပြောဆိုပါတယ်။
“ဒီနေ့ ဆွေးနွေးမှုတွေက မပြီးပြတ်လို့ မနက်ဖြန်မနက် ၁၀ နာရီမှာတော့ ပြန်ပြီးတော့ ကျနော်တို့ ဆက်ဆွေးနွေးမယ်ပေါ့။”
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို မူလက သြဂုတ်လ ဒုတိယပတ်မှာ ကျင်းပဖို့ ရည်မှန်းထားပေမယ့် လက်ရှိ ဆွေးနွေးပွဲတွေ မပြီးပြတ်သေးတာကြောင့် ဒီလကုန်ပိုင်းကို ရွှေ့ဆိုင်းရမယ့် အခြေအနေ ရှိနေကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။
No comments:
Post a Comment