Monday, August 31, 2020

တပ်မတော်တွင် ဗိုလ်မှူးတာဝန်ထမ်းဆောင်ခဲ့ပြီး AA အဖွဲ့သို့ ရောက်ရှိသွားခြင်းကြောင့် ၎င်း၏ဖခင်ဖြစ်သူ လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အား ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းအဖြစ်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပယ်ဖျက်

တပ်မတော်တွင် ဗိုလ်မှူးတာဝန်ထမ်းဆောင်ခဲ့ပြီး AA အဖွဲ့သို့ ရောက်ရှိသွားခြင်းကြောင့် ၎င်း၏ဖခင်ဖြစ်သူ လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အား ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းအဖြစ်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပယ်ဖျက်
PUBLISHED 31 AUGUST 2020
 
သန်းလှိုင်

တပ်မတော်တွင် ဗိုလ်မှူးတာဝန်ထမ်းဆောင်ခဲ့ပြီး AA အဖွဲ့သုုိ့ ရောက်ရှိသွားခြင်းကြောင့် ၎င်း၏ဖခင်ဖြစ်သူ လက်ရှိ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံမှာ ရွေးကောက်ပွဲဝင်ရောက်ရန် အမည်စာရင်းတင် သွင်းခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က  လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည် စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း၏သားဖြစ်သူ ဗိုလ်မှူး အောင်မြင့်စိုးမှာ လွန်ခဲ့သည့် ၂၀၁၈ နှစ်က တပ်မတော်နှင့် အဆက်အသွယ်ပြတ်သွားပြီးနောက် AA အဖွဲ့ထဲသို့ ရောက်ရှိသွားသဖြင့် ၎င်း၏ဖခင်ဖြစ်သူ ဦးဖိုးစံမှာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (ဎ) ဖြင့် ငြိစွန်းသည်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင် သွင်းထားမှုမှ ပယ်ဖျက်ခံရကြောင်း သိရသည်။
ဦးဖိုးစံသည် ရခိုင်အမျိုးသားပါတီမှ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ကျောက်ဖြူ မြို့နယ် အမှတ် (၂) မဲဆန္ဒမှ ဝင်ရောက်ယှဉ် ပြိုင်အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိတွင်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။
“ခရိုင်မှာရော ပြည်နယ်မှာ ဘာမှ ကန့်ကွက်မှုမရှိတဲ့အတွက် ပြည်ထောင်စုကို တင် လိုက်တယ်။ အဲဒါကို ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၇ ရက်စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ ကျွန်တော်ကို လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက် တယ်ဆိုပြီး အဲဒီသလို စာရောက်လာပါတယ် ခင်ဗျာ။ အဲဒီစာမှာ ဘာပါလာသလဲဆိုရင် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀ (ဎ)နဲ့ ငြိစွန်း နေတယ်ဆိုတဲ့အကြောင်းကို ပြည်ထဲရေးဝန် ကြီးဌာနမှ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကို စာပို့တယ်။ အဲဒီစာရောက်ကြောင်းကို သူတို့ က ဖတ်ပြတယ်။ အဲဒီဖတ်ပြတဲ့စာထဲမှာတော့ ၂၀၁၈ ခုနှစ် မေလမှာ ဦးဖိုးစံ၏သား အမှတ် ၇၃ သံချပ်ကာတပ်ရင်းမှာ တာဝန်ထမ်း ဆောင်နေစဉ် တပ်နှင့်ကင်းကွာပြီး ခွင့်မဲ့ပျက် ကွက်ဖြစ်နေတယ်။ နောက်ပြီး ပြည်ထဲရေးဝန် ကြီးဌာနက ဆက်လက်စုံစမ်းတဲ့အခါမှာ  AA ကိုရောက်နေတယ်လို့ သိရှိရတယ်။ ဒါကြောင့် ဦးဖိုးစံဟာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀ (ဎ) နဲ့ ငြိစွန်းနေတယ်ဆိုပြီးပါတယ်။ အဲဒီလို ဖတ်ပြတယ်” ဟု ဦးဖိုးစံက ပြောကြားသည်။
သို့ရာတွင် သားဖြစ်သူ ဗိုလ်မှူးအောင်မြင့်စိုးမှာ နေအိမ်က ထွက်သွားသည်မှာ ၂၀၀၂ ခုနှစ်ကတည်းကဖြစ်ကြောင်း၊ နေအိမ်နှင့်လည်း အဆက်အသွယ်မရှိကြောင်း၊ ဗိုလ်မှူးဖြစ်နေပြီဟုသာ သိရကြောင်း၊ အိမ်ထောင်စု စာရင်းထဲတွင်လည်း အမည်မရှိတော့ကြောင်း၊ အဆက်အသွယ်လည်း မရှိကြောင်း ၎င်းကဆိုသည်။
“တပ်မတော်သားတစ်ဦးသာဖြစ်တယ်။ အဲဒီကနေ ဘယ်လိုပြဿနာဖြစ်လည်း ကျွန်တော်လည်းမသိဘူး။ AA ထဲရောက်သွားတာလည်း ကျွန်တော်မသိဘူး။ ဒါကြောင့် ကျွန်တော်ကတော့ ပြည်ထောင်စုကို စာတင် ထားတယ်။ ကိုဗစ်ကာလ သွားလာရေးအဆင် မပြေတာကြောင့် စာတိုက်ကနေ စာပို့ထားပါ တယ်” ဟု ဦးဖိုးစံက ပြောကြားသည်။
ယင်းအပြင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် မိမိတာဝန်ကိုကျေပွန်စွာ ထမ်း ဆောင်နေသူတစ်ဦး ဖြစ်ကာ သားဖြစ်သူ AA သို့ရောက်ရှိသွားခြင်းမှာ မိမိနှင့်မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း၊ ဆက်လက်ပြီး  လွှတ်တော်ကိုယ်စားလှယ်လုပ်ငန်းများကို ပြည်သူများနှင့်လက်တွဲပြီး လုပ်ဆောင်ရွက် ရန်သာ ဆန္ဒရှိကြောင်းလည်း ပြောကြားသည်။
“ထပ်ပြီးပြောချင်တာကတော့ လွှတ် တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ကျောက် ဖြူမြို့နယ်မဲဆန္ဒရှင်တွေရဲ့ ကိုယ်စားလှယ်အ တွက်သော်လည်းကောင်း၊ ပါတီအနေနဲ့သော် လည်းကောင်း ကျွန်တော်တို့မှာ မပြီးဆုံးသေး တဲ့ ဖက်ဒရယ်ဒီမိုကရေစီ သမ္မတနိုင်ငံတော်ကို အရောက်သွားချင်တယ်။ ကျွန်တော်တို့လိုချင် တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ကိုလည်း ရအောင်သွားချင်ပါတယ်” ဟု ဦးဖိုးစံက ပြောကြားသည်။
ပုဒ်မ ၁၀ (ဎ)တွင် တည်ဆဲဥပဒေတစ် ရပ်ရပ်အရ မတရားအသင်းအဖြစ်ကြေညာ ခြင်း ခံထားရသောအဖွဲ့အစည်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော် က သတ်မှတ်ထားသောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်သူအဖွဲ့အ စည်းများ (သို့မဟုတ်) ယင်းအဖွဲ့ဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသောသက်သေအ ထောက်အထားရှိသူဟု ပြဋ္ဌာန်းထားသည်။

No comments:

Post a Comment