AA ဖမ်းဆီးသွားသော ချင်းလူငယ် လေးဦးအနက်မှ သုံးဦးပြန်လွတ်မြောက်လာ
Posted: August 26, 2020

AA ဖမ်းဆီးသွားသော ပလက်ဝဒေသခံ ချင်းလူငယ် လေးဦးအနက်မှ သုံးဦးပြန်လည်လွတ်မြောက်လာကြောင်း ချင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ အထောက်အကူပြုကော်မတီ (CISC)မှ အတွင်းရေးမှူးဖြစ်သူ ဆလိုင်းကျော်အောင်က ယနေ့ (သြဂုတ် ၂၅) ညဦးပိုင်းတွင် The Ladies News သို့ပြောကြားသည်။
ပြန်လည်လွတ်မြောက်လာသူများမှာ ဆလိုင်းခင်မောင်ထွန်း၊ ဆလိုင်းဘင်ဂျမင်နှင့် ဆလိုင်းအောင်ထွန်းကို တို့ဖြစ်ပြီး ဆလိုင်းအောင်စိုးကိုမူ AA အဖွဲ့က ဆက်လက် ဖမ်းဆီးထားဆဲဖြစ်သည်။
ချင်းလူငယ် လေးဦးသည် ဇူလိုင်လ ၂၉ရက်နေ့က ကျောက်တော်မှ ပလက်ဝသို့အပြန် လမ်းခုလတ်ရှိ ငသရိုင်းရွာတွင် AA အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရခြင်းဖြစ် သည်။
ဆလိုင်းကျော်အောင်က "သုံးယောက်တော့ လွတ် လာပြီ။ ကိုခင်မောင်ထွန်းရယ်၊ ဘင်ဂျမင်ရယ်၊ အောင်ထွန်းကိုရယ်၊ သူတို့သုံးယောက်တော့ လွတ်လာပြီ။ ကိုအောင်စိုးကတော့ မလွတ်လာသေးဘူး" ဟု ဆို
သည်။
ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်ရေးကောင် စီ (KACC) မှ မိုင်နန်းဝေကလည်း ဖမ်းဆီးခံရသူလေးဦးတွင် သုံးဦးပြန်လည်လွတ်မြောက်လာကြောင်းနှင့် ဆလိုင်းအောင်စိုးမှာ လွတ်မြောက်ခြင်းမရှိကြောင်း ပြောကြားသည်။
ဖမ်းဆီးထားစဉ်အတွင်း AAအဖွဲ့က ရိုက်နှက်ညှင်းပန်းမှုများ မပြုလုပ်ကြောင်း ပြန်လည်လွတ်မြောက်လာသူ တစ်ဦးဖြစ်သည့်ဆလိုင်းခင်မောင်ထွန်းက ပြောကြား ကြောင်း CISC မှ ဆလိုင်းကျော်အောင်က တစ်ဆင့် ပြန်လည်ပြောကြားသည်။
"သူတို့ ထိန်းသိမ်းတဲ့အချိန်မှာ ရိုက်တာတို့ ခြိမ်းခြောက်တာတို့ အဲလိုမျိုးနှိပ်စက်တာတွေရှိသလားလို့ ကျွန်တော်မေးတဲ့အခါမှာ။ သူက ရိုက်တာတွေ ဘာတွေမရှိဘူး။ အလုပ်လည်း အပြင်မှာ လုပ်ခိုင်းတာတွေဘာ တွေမရှိပါဘူးလို့တော့ သူကတော့ကျွန်တော်နဲ့စကား ပြောလို့ရတယ်'' ဟု ဆိုသည်။
ပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ ဆက်လက်ဖမ်းဆီးခြင်းကိုခံထားရသော ဆလိုင်းအောင်စိုးသည် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD)ဝင်တစ်ဦးဖြစ်သည်။
AA သည် စစ်ဖက်နှင့်မသက်ဆိုင်သည့် အရပ်သားများကို မကြာခဏဆိုသလို ဖမ်းဆီးလေ့ရှိသည်။
ပုံ- ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည့်
ဆလိုင်းအောင်စိုး
အောင်ရဲနောင်
The Ladies News
No comments:
Post a Comment