မြန်မာအစိုးရအနေနဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက် ပိတ်ပင်ထားတာတွေကို ချက်ချင်းရုပ်သိမ်းဖို့နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီး တစ်ခုက မနေ့ တနင်္လာနေ့က တောင်းဆိုလိုက်ပါတယ်။
ဒီအင်တာနက်ဖြတ်တောက်ထားတာကြောင့် အရပ်သားတွေကို အန္တရာယ်ပိုဖြစ်စေပြီး၊ ဥပဒေနဲ့လည်း ဆန့်ကျင်နေတာကြောင့်၊ပြန်ဖွင့်ပေးဖို့ ခုလို တောင်းဆိုရတာလို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ ဇူလိုင်လ ၂၇ ရက်နေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်နဲ့ ချင်း ပြည်နယ်တွေမှာနဂိုထဲက စစ်ဘေး ဒုက္ခရောက်နေတဲ့ ဒေသခံအရပ်သားတွေကို ပိုထိခိုက်စေတဲ့အပြင် လူသားချင်းစာနာမှု အကူအညီပေးရေး ပူးပေါင်းဆောင်ရွက်မှုတွေ၊မှန်ကန်တဲ့ သတင်းအချက်အလက်စုဆောင်းမူတွေနဲ့ မတရားနှိပ်စက်တာတွေစောင့်ကြည့်မှုတွေမှာ ထိခိုက်စေတယ်လို့ HRW က ထောက်ပြထားပါတယ်။
ဒါပေမဲ့ မြန်မာအစိုးရဘက်ကတော့ ခုလို အင်တာနက်မိုဘိုင်းဖုန်းလိုင်းတွေ ပိတ်ပင်ရတာဟာAA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ လက်လုပ်ဗုံးတွေနဲ့ မြေမြုပ်မိုင်းတွေကို ဒီဆက်သွယ်ရေး နည်းပညာသုံး ဖောက်ခွဲတိုက်ခိုက်နေတာကြောင့်လို့ မကြာခင်ထုတ်ပြန်ချက်တွေထဲမှာ ဖြေရှင်းထားပါတယ်။
HRW ကတော့ အခုလို AA က တိုက်ခိုက်မူတွေမှာ အင်တာနက်နည်းပညာမလိုပဲ၊ အခြားရိုးရှင်းလွယ်ကူူတဲ့ နည်းပေါင်းများစွာနဲ့ လည်း အသုံးပြုနိုင်တယ်လို့ တုံ့ပြန်ချေပထားပါတယ်။
အစိုးရဘက်ကတော့ ရခိုင်ပြည်နယ် (၇) မြို့နယ်နဲ့ ချင်းပြည်နယ် မြို့နယ်တစ်ခုမှာ ခုလိုဆက်ပိတ်ပင်ထားရတာက၊လုံခြုံရေးအရလိုအပ်မူနဲ့ အများပြည်သူ အကျိုးစီးပွားအတွက်ဖြစ်တယ်၊သတင်းမှားတွေ၊ စစ်ရေးလျှို့ဝှက်ချက်တွေအပြင်၊ အမုန်းတရားနဲ့ အမျိုးသားရေးလှုံ့ဆော်မူတွေ အင်တာနက်မှာ မဖြန့်နိုင်ဖို့လည်းဖြစ်တယ်လို့ အကြောင်းပြချက် ပေးထားပါတယ်။
No comments:
Post a Comment