Thursday, July 30, 2020

EAO ဒေသများရှိ ပြည်သူများ အား အမြန်ဆုံး နိုင်ငံသား စီစစ်ရေး ကဒ်ပြား ပြုလုပ်ပေးရန် ရွေးကောက်ပွဲလူထု အစီအစဉ်က တောင်းဆို

EAO ဒေသများရှိ ပြည်သူများ အား အမြန်ဆုံး နိုင်ငံသား စီစစ်ရေး ကဒ်ပြား ပြုလုပ်ပေးရန် ရွေးကောက်ပွဲလူထု အစီအစဉ်က တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။
မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးက တိုင်းရင်းသား လက်နက်ကိုင် နယ်မြေရှိ ပြည်သူ ၃၀ ရာခိုင်နှုန်းခန့် မဲပေးခွင့်ဆုံးရှုံးဖွယ်ရှိနေသည်ဟု လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှု အစီအစဉ် က ပြောဆိုလိုက်သည်။
လာမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးက နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အဆင်သင့် ရှိ၊ မရှိ အနေအထားကို လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ်က စစ် တမ်းကောက်ယူခဲ့ပြီး “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေချင်” ဆိုသည့်ခေါင်းစဉ်ဖြင့် အစီရင်ခံစာ ထုတ်ပြန် ခဲ့သည်။
လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ် ဒါရိုက်တာ နိုင်ကဆုမွန် က “EAO ထိန်းချုပ်ထားတဲ့ဒေသတဝိုက်မှာရှိတဲ့ ပြည်သူလူထု ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းထိ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိပါဘူး။ နောက်သူတို့မှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်တာမျိုး အခွင့်အလမ်း မ ရကြတာလဲ ရှိပါတယ်” ဟု ပြောသည်။
တိုင်းရင်းသားပြည်သူလူထုများလယ်ဝယ်တွင် မှတ်ပုံတင်မရှိပါက ၎င်းတို့၏ နိုင်ငံသားအခွင့်အရေး အလိုလို ဆုံး ရှုံးနေမည်ဖြစ်သည့်အပြင် လာမည့် ရွေးကောက်ပွဲတွင်လည်း မဲပေးပိုင်ခွင့် ဆုံးရှုံးကြရမည့် အခြေအနေ ရှိနေ သည် ဟု အစီရင်ခံက ပြောဆိုထားသည်။
မှတ်ပုံတင်မရှိသူများသည် မှတ်ပုံတင်သွားလုပ်ရန် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ငွေကြေးမတတ်နိုင်ခြင်း၊ ဗဟုသုတနည်းပါးခြင်း၊ ပဋိပက္ခနယ်မြေတွင် နေထိုင်နေရခြင်း၊ ဘာသာစကားအခက်အခဲရှိခြင်း၊ ခွဲခြားဆက် ဆံခံရခြင်း၊ ရွှေ့ ပြောင်းအလုပ်သမားများဖြစ်ခြင်း၊ ကြောက်ရွံ့ ခြင်း စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် မလုပ် ဖြစ်ကြသည် ဟု အစီရင်ခံစာက ပြောသည်။
“မဲပေးတဲ့အခါ တကယ်လို့ သူတို့ (မှတ်ပုံတင်မရှိသူ) ရဲ့ မဲပါမလာဘူးဆိုရင် သူတို့လိုလားတဲ့ ပါတီ၊ အမတ်တွေ ရှုံးသွားမယ်၊ ရှုံးသွားရင် လွှတ်တော်ထဲ အစိုးရအဖွဲ့ထဲ မသွားရောက်နိုင်တော့ သူတို့ လိုလားတောင်းတချက်တွေ သူတို့ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်တော့ဘူး အကောင်အထည်မဖော်ပေးနိုင်တော့ဘူး ဒါက အခွင့်အရေး ဆုံးရှုံးတဲ့သဘောပါ။ ဒီနိုင်ငံသားအခွင့်အရေးဆုံးရှုံးခြင်းနဲ့ သူတို့ နိုင်ငံရေးအခွင့်အရေး နောက် သူတို့ရဲ့ လူမျိုးရေး တိုင်းရင်းသားအခွင့်အရေး လူမှုရေး စီးပွားရေး ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေး စသဖြင့်ပေါ့ သူတို့ အမတ်က သွားမတင်ပြနိုင်တော့ ဒီအခွင့်အရေးတွေ ဆုံးရှုံးသွားမှာဖြစ်ပါတယ်” ဟု နိုင်ကဆုမွန် က ဆက်ပြောသည်။
မှတ်ပုံတင်မရှိသူများအား မှတ်ပုံတင် ရရှိရေးနှင့် ၎င်းတို့၏ ဆန္ဒမဲပေးပိုင်ခွင့်အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများ အနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရန်လိုအပ်သည်ဟု အစီရင်ခံစာက တိုက်တွန်းထားသည်။
“ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ လဝကဌာနတို့ ပေါင်းပြီးတော့ နိုင်ငံသားစိစစ်ရေးကတ်ပြား အမြန်ဆုံးလုပ်ပေးဖို့ အဓိကကျပါတယ်။ ဒါမှ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိမယ် သူတို့ရဲ့ နိုင်ငံသား အခွင့် အရေးမဆုံးရှုံးမှာ” ဟု လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ်မှ ဦးဆောင်အဖွဲ့ဝင် မိမြင့်မြင့်မွန် က ပြောသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် ရေးမြို့ နယ် ရေးချောင်းဖျားဒေသရှိ ၎င်းတို့ ဗဟိုဌာနတဝိုက်က မှတ်ပုံတင် မရှိသည့် ဒေသခံပြည်သူ ၂၀၀၀ ကျော် မှတ်ပုံတင်ရရှိနိုင်ရေးအတွက် ရေးမြို့ နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်း ဆွေးနွေးထားပြီး ကွင်းဆင်းပြုလုပ်ပေးရန် သဘောတူထားပြီဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ် က ပြောသည်။
“နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေချင်” ဆိုသည့် အစီရင်ခံစာကို မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ရေး၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရော၊ ဘားအံ၊ ကြာအင်း ဆိပ်ကြီး၊ ကော့ကရိတ်၊ ရေဖြူ စသည့် မြို့ နယ် ၉ ခုတို့ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံထားမှုအပေါ် အခြေခံ ပြီး ပြုစုထားခြင်းဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment